Border News Agency
မြောက်ဦး၊ဧပြီ ၁၀။
အာရက္ခတပ်တော် (AA) တည်ထောင်တဲ့ ၁၇ နှစ်ပြည့်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
၂၀၀၉ ခုနှစ်က လူငယ် ၂၆ ဦးနဲ့ စတင်ခဲ့တဲ့ AA ဟာ အခုဆိုရင် အားကောင်းမောင်းသန် တပ်မတော်ကြီးတခုအဖြစ် ရပ်တည်နေနိုင်တာကို လေးစားစွာ ဂုဏ်ပြုတယ်လို့ ဖော်ပြထားပါတယ်။
AA ရဲ့ ၁၇ နှစ်တာ တော်လှန်ရေးခရီးလမ်းတလျှောက်မှာ အသက်သွေးချွေး ပေးဆပ်ခဲ့ကြတဲ့ အာရက္ခအာဇာနည်တွေနဲ့ အခုထိ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ စစ်သည်တော်အားလုံးကိုလည်း CRPH က အလေးအနက် ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။
AA အနေနဲ့ အာရက္ခဒေသအတွင်းမှာ စစ်ရေး၊ နိုင်ငံရေးအရအောင်မြင်မှုတွေ ရရှိနေရုံတင်မကဘဲ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကိုပါ စနစ်တကျ ဖော်ဆောင်နေတာဟာ တခြားသော တော်လှန်ရေးအင်
အားစုတွေအတွက်ပါ အားတက်စရာ စံနမူနာကောင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် AA ရဲ့ ရည်မှန်းချက်တွေဟာ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ မဟာမိတ်အင်အားစုတွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
AA အနေနဲ့ နောင်နှစ်ပေါင်းများစွာတိုင် အာရက္ခပြည်သူတွေ ယုံကြည်အားကိုးရတဲ့ တပ်မတော်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါစေကြောင်းနဲ့ အာရက္ခပြည်သူတွေ မျှော်မှန်းတဲ့ ပန်းတိုင်ကို အမြန်ဆုံး ရောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးထားပါတယ်






