Border News Agency
အမ်း၊ စက်တင်ဘာ ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်ကို ထိုးဖောက်ဝင်ရောက်ဖို့ အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင်ကြိုးစားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကဆိုကြပါတယ်။
အဲဒီအမ်းမြို့နယ်ကို မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှတဆင့် စစ်သည်အင်အားထောင်ချီအသုံးပြုပြီး နေရာဖြန့်ခွဲထိုးစစ်ဆင်ဝင်ရောက်ဖို့ကြိုးစားနေတာပါ။
အဲဒီအာဏာသိမ်းစစ်သားတွေကို အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူပေးနေတယ်လို့ မြေပြင်စစ်ရေးသ တင်းရင်းမြစ်တွေကဆိုကြပါတယ်။
“တပ်တော်ထိန်းချုပ်နယ်မြေတွေကို အင်အားထောင်ချီအသုံးပြုပြီးနေရာပေါင်းစုံကပြန်ဝင်ဖို့ ထိုးစစ်ဆင်လာတာပါ။ ဒါပေမယ့်ရှေ့တိုးမရောက်ပါဘူး။ တပ်တော်ကကြားဖြတ်တိုက်ခိုက်လို့အတုံးအလဲသေနေကြပါတယ်။တိုက်လေယာဥ်တွေနဲ့အပြင်းအထန်လာပစ်ပေးနေပါတယ်။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီရိုးမပေါ်မှာ ခြေကုတ်ယူအထိုင်စခန်းချနိုင်ဖို့ အာဏာသိမ်းစစ်တပ်ကအပြင်းအထန်ကြိုးစားနေပေမယ့် သေဆုံးဒဏ်ရာသူများပြီး အကြိမ်ကြိမ်တပ်လန်သွားတာမို့ လေကြောင်းပစ်ကူတွေကိုသာ အပြင်းထန်းဆုံးပြုလုပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကဆိုကြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ အမ်းမြို့ နယ်ကို အာဏာသိမ်းစစ်တပ်ကပြန်လည်အခြေချနိုင်ဖို့ နေရာပေါင်းစုံကအကြိမ်ကြိမ်ထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားနေတာပါ။
အဲဒါကြောင့် တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်ပြီး အာဏာသိမ်းစစ်တပ်ကစစ်သည်အင်အားအဆမတန်အသုံးပြုပြီး လူလှိုင်းစစ်ဆင်ရေးကို လေကြောင်းပစ်ကူအားသာချက်ယူထိုးဖောက်လာနိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကဆိုကြပါတယ်။
“ရိုးမပေါ်ကို တက်နိုင်ဖို့လေကြောင်းပစ်ကူအပြင်းထန်ဆုံးပေးနေတာပါ။ စစ်သားတွေဘယ်လောက်သေသေထပ်ဖြည့်တက်ခိုင်းနေတာပါ။ မထိုးဖောက်နိုင်ရင်အနီးဆုံးက အရပ်သားနေရာတွေကိုလေကြောင်းလာတိုက်နေတာပါပဲ။ အမ်း၊မအီဖက်ကပြည်သူတွေ လေကြောင်းရန်ကိုပိုသတိထားသင့်ပါတယ်။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီရိုးမအစပ်နေရာတွေမှာအာရက္ခတပ်တော်နဲ့ အာဏာသိမ်းစစ်တပ်ကြား နှစ်နှစ်နီးပါးကြာတိုက်ပွဲတွေဖြစ်နေပေမယ့် အာဏာသိမ်းစစ်တပ်က ပွိုင့်ကုန်းတွေ၊အထိုင်ကုန်းတွေကို ဆုတ်ခွာထွက်ပြေးနေရတာပါ။
အဲဒါကြောင့် တပ်ရင်း၊တပ်မတွေအလုံးအရင်းအသုံးပြုအင်အားဖြည့်ပြီး ကြည်၊ရေ နေရာပေါင်းစုံက ထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားနေတာမို့ ပင်လယ်ကမ်းခြေအနီးနေရာတွေကိုလည်း ရေတပ်စစ်သင်္ဘောကြီးတွေက လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေပါတယ်။










