Border News Agency
ဝါရှင်တန်၊ စက်တင်ဘာ ၃။
ဟော်မုဇ်ရေလက်ကြားကို ထရန့်ရေလက်ကြားအဖြစ်အမည်ပြောင်းလဲဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စက်တင်ဘာလ ၂ ရက်နေ့မှာ Truth Social လူမှုကွန်ရက်မှတဆင့် အကြံပြုရေးသားလိုက်ပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ အီရန်က သင်္ဘောတွေကို နေ့စဉ်နီးပါးတိုက်ခိုက်နေပေမယ့်လည်း အဲဒီရေလမ်းကြောင်းဟာ အမေရိကန်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီဖြစ်ကြောင်း ထရန့်က ထပ်မံအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။
အီရန်တောင်ပိုင်း ဆီရစ်ခ် (Sirik) မြို့ရှိ မင်္ဂလာဆောင်ပွဲတခုကို အမေရိကန်ကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကလေးနှစ်ဦးအပါအဝင် အနည်းဆုံး လူလေးဦးသေဆုံးခဲ့ပြီးနောက် နှစ်ဆယ့်လေး နာရီပင် မပြည့်သေးတဲ့အချိန်မှာ ထရန့်ကအကြံပြုချက်ကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တာကြောင့် ထရန့်ရေလက်ကြားလို့ အမည်ပြောင်းလဲရင် အမေရိကန်နိုင်ငံလို ပိုမိုအသက်ဝင်လှုပ်ရှားလာမယ်လို့ ထရန့်က ရေးသားထားပါတယ်။
လက်ရှိမှာတော့ ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်နဲ့ အီရန်တို့အကြား စစ်ရေးတင်းမာမှုတွေဆက်လက်မြင့်တက်နေပါတယ်။






