Border News Agency
ကန်ချနဘူရီ၊ စက်တင်ဘာ ၃။
ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်၊စိုင်းယို့မြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ခြောက်ဦးကို စက်တင်ဘာလ ၂ ရက်နေ့မှာဖမ်းဆီးခဲ့တယ်လို့ အဝေးပြေးလမ်းမရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အရှိန်ပြင်းစွာမောင်းနှင်လာတဲ့ မသင်္ကာဖွယ်မော်တော်ယာဉ်တစီးကိုတားဆီးချိန် မောင်းပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးရာ လမ်းဘေးခြုံထဲထိုးကျသွားချိန်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီယာဉ်ပေါ်မှာ မြန်မာအမျိုးသားယာဉ်မောင်းတဦးနဲ့အတူ အထောက်အထား စာရွက်စာတမ်းမရှိတဲ့ မြန်မာလုပ်သားခြောက်ဦးကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
စကားပြန်ကတဆင့် စစ်ဆေးမေးမြန်းရာမှာ ချွန်ဘူရီခရိုင်မှာ အလုပ်လုပ်ဖို့အတွက် ပွဲစားကို တဦးကို ဘတ်တသောင်းငါးထောင်ပေးခဲ့ရသလို ယာဉ်မောင်းကလည်း ရာချ်ဘူရီခရိုင်ဆီပို့ဆောင်ပေးဖို့ စံခလဘူရီကနေ သွားရောက်ခေါ်ဆောင်ခဲ့တာကြောင့် ဘတ်နှစ်သောင်းလေးထောင်ရရှိခဲ့တယ်လို့ ထွက်ဆိုကြပါတယ်။
အဲဒီအပြင် စက်တင်ဘာလ ၂ ရက် တရက်တည်းမှာပဲ ကန်ချနဘူရီခရိုင်၊သာမခမ်မြို့နယ် စစ်ဆေးရေးဂိတ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားကိုးဦးကိုလည်း ဖမ်းဆီးခဲ့ပါသေးတယ်။











