Border News Agency
အိန္ဒိယ၊ စက်တင်ဘာ ၄။
မြန်မာနိုင်ငံအတွင်း အရပ်ဘက်ခရီးသည်တင်လေယာဉ်တစင်းကို FPV အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အမေရိကန်နိုင်ငံသားတဦးနဲ့ ယူကရိန်းနိုင်ငံသား ခြောက်ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA)က ထောင်တွင်းဝင်ရောက် စစ်ဆေးခွင့် ရရှိခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ သူတို့ခုနှစ်ဦးထဲက အမေရိကန်နိုင်ငံသား Matthew Aaron VanDyke နဲ့ ယူကရိန်းနိုင်ငံသား Viktor Kaminskyi တို့ နှစ်ဦးကို အကျဉ်းထောင်အတွင်း သွားရောက်စစ်ဆေးမေးမြန်းခွင့်ပြုဖို့ NIA ရဲ့ လျှောက်ထားချက်ကို ဒေလီတရားရုံးက ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
သူတို့ဟာ ခရီးသွားဗီဇာနဲ့ အိန္ဒိယသို့ ဝင်ရောက်လာပြီးနောက် တရားမဝင်စာရွက်စာတမ်းတွေနဲ့ မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ကာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒရုန်းစစ်ဆင်ရေးဆိုင်ရာ သင်တန်းတွေပို့ချပေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအပြင် ဥရောပမှဒရုန်းနဲ့ ဆက်စပ်ပစ္စည်းအများအပြားကို အိန္ဒိယမှတဆင့် မြန်မာနိုင်ငံအတွင်းရှိ တော်လှန်ရေးအဖွဲ့တွေဆီ မှောင်ခိုပို့ဆောင်ပေးခဲ့ကြပြီး အဖွဲ့တွေဆီမှတဆင့် အိန္ဒိယလက်နက်ကိုင် အဖွဲ့တွေဆီ လက်နက်တွေစီးဆင်းသွားမှာကို အိန္ဒိယ အစိုးရဘက်ကစိုးရိမ်နေတာဖြစ်ပါတယ်။
စစ်ဆေးခံရသူတွေဆီမှ သိမ်းဆည်းရမိတဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေအတွင်းမှ ဓာတ်ပုံ၊ ဗီဒီယိုနဲ့အသံဖိုင် စတဲ့သက်သေအထောက်အထားတွေအရ မြန်မာနိုင်ငံအတွင်းရှိ ပဟေဠိဖြစ်နေတဲ့ကြိုးကိုင်သူ ခေါင်းဆောင်တွေကိုဖော်ထုတ်နိုင်ဖို့ ဆက်လက်စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။










