Border News Agency
ဇင်းမယ်၊ စက်တင်ဘာ ၄။
တောင်ကိုရီးယားနိုင်ငံမှာ လူတရာကျော်ဆီမှ ဝမ်ဆယ်ဘီလီယံကျော်လိမ်လည်လှည့်ဖြားပြီး ထိုင်းနိုင်ငံအတွင်းလာရောက်ပုန်းအောင်းနေတဲ့ အင်တာပိုရဲအဖွဲ့ရဲ့ ဝရမ်းထုတ်ခံထားရသူ တောင်ကိုရီးယား နိုင်ငံသား Mr. Lim ကို စက်တင်ဘာလ ၄ ရက်၊ဒီနေ့ ထိုင်းလဝကရဲတပ်ဖွဲ့က နွန်သဘူရီခရိုင်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
Mr. Lim ဟာ “Lucky Nine” အမည်ရှိ လိမ်လည်ရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပိုင်းတဦးဖြစ်ပြီး တောင်ကိုရီးယားတဝှမ်းမှာစခန်းပေါင်းဆယ့်နှစ်ခုဖွင့်လှစ်ကာ ကာစီနိုစီးပွားရေးလုပ်ငန်းတခုအဖြစ်အကြောင်းပြပြီး အဆင့်ဆင့်စည်းရုံးလှည့်ဖြားတဲ့ MLM စနစ်နဲ့ငွေကြေးလိမ်လည်ခဲ့တာဖြစ်ပါတယ်။
သူဟာ ထိုင်းနိုင်ငံအတွင်းသို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက ဗီဇာနဲ့ဝင်ရောက်လာခဲ့တာဖြစ်ပြီး ခွင့်ပြုရက်လွန်လွန်ကာ ဖူးခက်မြို့မှာသွားရောက်ပုန်းအောင်းနေခဲ့ရာမှ နွန်သဘူရီခရိုင်ရှိအဆင့်မြင့် ကွန်ဒိုတခုသို့ ပြောင်းရွှေ့နေထိုင်ချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
စက်တင်ဘာ ၃ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေက သူနေထိုင်တဲ့အခန်းကို ဝင်ရောက်စစ်ဆေးရာ ဗီဇာသက်တမ်း ရက်ပေါင်းနှစ်ရာ့ခြောက်ဆယ်ကျော်လွန်နေတာကိုတွေ့ရှိခဲ့ရပြီး ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ဖုန်းသုံးလုံး၊ ခရက်ဒစ်ကဒ်နှစ်ခုနဲ့ တက်ဘလက်တလုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
သူ့ကို ထိုင်းနိုင်ငံရဲ့ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းအရေးယူဆောင်ရွက်ပြီးရင် ပြစ်မှုကျူးလွန်သူတွေကို လွှဲပြောင်းပေးတဲ့စနစ်နဲ့တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးပို့သွားမှာဖြစ်ပါတယ်။













