Border News Agency
နေပြည်တော်၊စက်တင်ဘာ ၁၆။
နိုင်ငံအတွင်းပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေကို တိုင်းနဲ့ပြည်နယ်တွေအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။
စက်တင်ဘာလ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ခုလက်ရှိမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေရှိနေတာကြောင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးဟာ အရေးကြီးတယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်လွန်ကဲပြီး မြေအောက်ရေလျော့နည်းကျဆင်းတာနဲ့ ရေရှားပါးမှုတွေဖြစ်ပေါ်လာနိုင်တာကြောင့် သောက်သုံးရေနဲ့ စိုက်ပျိုးရေတွေကို ကြိုတင်စုဆောင်းထားဖို့နဲ့ မြစ်ချောင်းတွေမှာ မြေအောက်တမံတွေပြုလုပ်ဖို့လည်း ပြောဆိုခဲ့တာပါ။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေတွေအပါအဝင် တနိုင်ငံလုံးမှာ နေ့စဉ်နာရီပေါင်းများစွာ အလှည့်ကျမီးဖြတ်တောက်နေရပြီး လျှပ်စစ်မီးပုံမှန်မရတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။
အဲဒီအပြင် ဆိုလာစီမံကိန်းတွေနဲ့ မြေအောက်ရေထိန်းသိမ်းရေးလုပ်ဆောင်ဖို့ စစ်ခေါင်းဆောင်ကပြောဆိုနေပေမယ့် မြေပြင်မှာကုန်ဈေးနှုန်းကြီးမြင့်တာ၊ စက်သုံးဆီရှားပါးတာနဲ့တိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ အခြေခံစားနပ်ရိက္ခာနဲ့ အိမ်သုံးရေရရှိဖို့အတွက်ပါ ရောဂါနဲ့စစ်ဘေးတွေကြားထဲက ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။






