Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၇။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ဟာ အာရက္ခပြည်သူတွေနဲ့ ပါတီဝင်တွေအတွက်ရည်ရွယ်ပြီး ပထမဆုံးအကြိမ် ပါတီစာစောင် အတွဲ (၁)၊ အမှတ် (၁) ကို စက်တင်ဘာလ ၂၆ ရက်နေ့က စတင်ထုတ်ဝေလိုက်ပါတယ်။
အဲဒီပါတီစာစောင်ကို နှစ်လတကြိမ် ပုံမှန်ထုတ်ဝေသွားမှာဖြစ်ပြီး ULA ရဲ့မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေနဲ့အမျိုးသားရေးဆိုင်ရာ ဦးတည်ချက်တွေကို ပြည်သူတွေဆီ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေဖို့ ထုတ်ဝေရတာဖြစ်ပါတယ်။
ထုတ်ဝေလိုက်တဲ့စာစောင်မှာ ULA ပါတီဝင်တွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့ စည်းကမ်းချက်တွေ၊ အာရက္ခဒေသအတွင်း ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပညာရေးဆိုင်ရာ ကဏ္ဍတွေကို အဓိကထည့်သွင်းဖော်ပြထားပါတယ်။
အဲဒီအပြင် လက်ရှိစစ်ရေး၊ နိုင်ငံရေးအခြေအနေတွေ၊ အာရက္ခပြည်သူ့တော်လှန်ရေးခရီးစဉ်နဲ့ပတ်သက်တဲ့ အထူးသတင်းဆောင်းပါးတွေကိုလည်း ပြည့်ပြည့်စုံစုံထည့်သွင်းထားတာပါ။
ဒီပါတီစာစောင်ထွက်ရှိလာတာဟာ ULA နဲ့ ပြည်သူကြားဆက်ဆံရေးကို ပိုမိုခိုင်မာစေသလို ပါတီဝင်တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း ပိုမိုစနစ်ကျလာစေမှာဖြစ်တယ်လို့ဆိုပါတယ်။











