Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၁၅။
အာဆီယံဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုအကြိမ်တရာ့ရှစ်ဆယ်ပြုလုပ်ခဲ့ပြီး အာဆီယံအထူးကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်တပ်က အောက်တိုဘာလ ၁၄ ရက်နေ့မှာ ရန်ကုန်ရှိအာဆီယံ သံရုံးတွေကို အသိပေးစာပို့ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ၂၀၂၁ မှစလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့သလို AHA Centre မှတဆင့် အမေရိကန်ဒေါ်လာနှစ်ဆယ့်ခုနှစ်သန်းကျော်တန်ဖိုးရှိ ကူညီရေးပစ္စည်းတွေပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေးကိုလျစ်လျူရှုပြီး ပြည်သူ့နေအိမ်တွေနဲ့စစ်ဘေးရှောင်စခန်းတွေကို လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေတာပါ။
အဲဒီအပြင် အာရက္ခဒေသ အပါအဝင် တနိုင်ငံလုံးရှိ စစ်ဘေးဒဏ်သင့်ပြည်သူတွေဆီ စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူအညီတွေမရောက်ရှိစေဖို့ ဖြတ်လေးဖြတ်မဟာဗျူဟာနဲ့ လမ်းကြောင်းတွေကို စနစ်တကျပိတ်ဆို့ထားဆဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာဖိအားတွေကို ရှောင်လွှဲဖို့ အာဆီယံလမ်းကြောင်းကို အသုံးချနေတာသာ ဖြစ်တယ်လို့ စီမံကိန်းနဲ့ နိုင်ငံရေး လေ့လာသူတွေက ဝေဖန်ထားကြပါတယ်။








