Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၂၂။
ငါးနှစ်ကျော်ကြာကင်းကွာနေပြီးနောက် မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရရှိခဲ့တယ်လို့ သားဖြစ်သူကိုထိန်လင်း က
အောက်တိုဘာလ ၂၂ ရက်၊ဒီနေ့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မိခင်ဖြစ်သူရဲ့အသံကို ပြန်လည်ကြားရတဲ့အတွက် စကားလုံးနဲ့ဖော်ပြလို့မရနိုင်လောက်အောင်ဝမ်းမြောက်မိပြီး မိခင်နဲ့အတူရပ်တည်အားပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့တောင်းဆိုသံတွေကြောင့် ခုလိုအခွင့်အရေးရရှိလာတာလို့ဆိုပါတယ်။
ဒါပေမယ့်လည်း အသက်ရှစ်ဆယ်တနှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဖြစ်သူမှာမတရားဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး တကြိမ်စကားပြောခွင့်ရရုံနဲ့ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ၊လွတ်မြောက်လာတာမဟုတ်ကြောင်း ထောက်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းကာ သံတမန်ရေးအသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှုလျှော့ပေါ့ရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတွေအတွက် အပေးအယူလုပ်ရာမှာအသုံးမချသင့်ဘူးလို့လည်းသတိပေးထားတာပါ။
ဗြိတိန်အစိုးရအပါအဝင် အာဏာသိမ်းစစ်တပ်နဲ့ဆက်ဆံနေတဲ့ အစိုးရတွေအနေနဲ့အခြေခံလူ့အခွင့်အရေးတွေကိုတရားဝင် အသိအမှတ်ပြုမှုနဲ့လဲလှယ်တာမလုပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိချက်ချင်း ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။










