Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၂၃။
ငါးနှစ်ကျော်ကြာကင်းကွာနေပြီးနောက် မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တယ်လို့သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မိခင်ဖြစ်သူရဲ့အသံကို ပြန်ကြားရတဲ့အတွက် စကားလုံးနဲ့ဖော်ပြလို့မရနိုင်လောက်အောင် ဝမ်းမြောက်မိပြီး မိခင်နဲ့အတူ ရပ်တည်အားပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ တောင်းဆိုသံတွေကြောင့် ခုလိုအခွင့်အရေး ရလာတာလို့ သားဖြစ်သူ ကင်မ်အဲရစ်က ဆိုပါတယ်။
ဒါပေမယ့်လည်း အသက်ရှစ်ဆယ့်တစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဖြစ်သူဟာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး တကြိမ်မျှစကားပြောခွင့်ရရုံနဲ့ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ သို့မဟုတ် လွတ်မြောက်လာတာ မဟုတ်ကြောင်းထောက်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းကာ သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတွေအတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ဘူးလို့ သတိပေးထားပါတယ်။
အဲဒီအပြင် ဗြိတိန်အပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့လည်း အခြေခံလူ့အခွင့်အရေးတွေကို တရားဝင် အသိအမှတ်ပြုမှုနဲ့လဲလှယ်တာမျိုးမလုပ်ဖို့ သူကတောင်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုသတ်မှတ်ထားတဲ့ နေအိမ်မှာ ဆက်လက်ကျခံစေဖို့ ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်အပြင် ဗြိတိန်ဘုရင်ပေးပို့တဲ့ စာအုပ်နဲ့ စာလွှာတွေကိုလည်း သွားရောက်ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ကို လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ လန်ဒန်မြို့ရှိ မြန်မာသံရုံးကတဆင့် သားဖြစ်သူ ကင်မ်အဲရစ်နဲ့ အောက်တိုဘာလ ၂၂ ရက်၊နေ့လည်ပိုင်းမှာ မိနစ်နှစ်ဆယ်ကြာ ကောင်စစ်ဆိုင်ရာတယ်လီဖုန်းဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။






