Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂၃။
အာဏာသိမ်းစစ်တပ်က ကမ်းတက်ထိုးစစ်ဆင် သိမ်းယူဖို့ကြိုးစားနေတဲ့ ကုလားတန်မြစ်ဝက ငပြီကျွန်းတိုက်ပွဲမှာနှစ်ဘက်အကျအဆုံးများပြီး အပြင်းထန်ဆုံးဆက်ဖြစ်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေက အတည်ပြုပြောပါတယ်။
အဲဒီငပြီကျွန်းဟာ ကုလားတန်မြစ်ကြောင်း ထိန်းချုပ်စိုးမိုးရေးအတွက် အဓိကဝင်ပေါက်ဖြစ်တာကြောင့် နှစ်ဘက်အပြင်းအထန်ဆုံး တိုက်ခိုက်နေကြတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ကြည်း၊ရေ၊ လေ ပူးပေါင်းစစ်ဆင်မှုတွေနဲ့အတူ လေကြောင်းပစ်ကူတွေကို နေ့စဉ်ရက်ဆက် အပြင်းအထန် အသုံးပြုနေပါတယ်။
“တအားပစ်ခတ်နေကြတယ်။ တညလုံးပဲ။ ငပြီကျွန်းကတော့ ပွဲကြမ်းနေပြီ”လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ရက်
ပိုင်းက အာရက္ခတပ်တော် (AA) မှ ဗိုလ်မှူးနဂါးအပါအဝင်တပ်ဖွဲ့ဝင်တချို့ ကျဆုံးသွားခဲ့ပါတယ်။
ဒါပေမယ့်အာရက္ခတပ်တော်က တပ်ဖွဲ့ဝင်တဦးကျရင် တဦး၊ ငါးဦးကျရင် ငါးဦးအမြန်ပြန်ဖြည့်တင်းကာ အပြင်းအထန် ခုခံကာကွယ်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ငပြီကျွန်းအပြင် ကြိမ်ခွေမော်နဲ့ စစ်သည်လက်နက်ခဲယမ်း ထောက်ပံ့ရေးနေရာတွေကိုပါ လေကြောင်းနဲ့ ရေတပ်စစ်သင်္ဘောတွေကနေ အဆက်မပြတ် ပစ်ခတ်ကူညီနေပါတယ်။
အဲဒီအပြင် ကုလားတန်မြစ်အရှေ့ဘက်ကမ်း ပွဲကြည့်တောင်အနီးမှာ ရေတပ်စစ်သင်္ဘောကြီးတွေ ရပ်တန့်ပစ်ကူပေးနေပြီး၊ ငပြီကျွန်းကို အလုံးစုံ သိမ်းပိုက်နိုင်သွားရင် မြစ်ကြောင်းတလျှောက် ရေတပ်စစ်သင်္ဘောတွေ ဝင်ရောက်လှုပ်ရှားနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဲဒီထိုးစစ်မှာ အာဏာသိမ်းစစ်သားတွေသေဆုံးဒဏ်ရာရတာများသလို ရေတပ်စစ်သင်္ဘောတွေလည်း ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ငပြီကျွန်းအနီးကို ကမ်းမကပ်ရဲဘဲ ရှိနေတယ်လို့ ဆိုပါတယ်။
ငပြီကျွန်းကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်သွားနိုင်မယ်ဆိုရင် ကုလားတန်မြစ်
ကမ်းဘေးရှိ အရပ်သားပြည်သူတွေရဲ့ နေထိုင်ရာနေရာတွေပါ ပစ်ခတ်တိုက်ခိုက်ခံရမယ့်အရေးကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
အဲဒီငပြီကျွန်းတိုက်ပွဲပြင်းထန်နေချိန်မှာ စစ်တွေမြို့ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားတဆယ့်တဦးသေဆုံးပြီးတဆယ်ကျော်ဒဏ်ရာရသွားပါတယ်။
အာရက္ခတပ်တော်ဟာ စစ်တွေမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။








