Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၂၂။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားတာ၊မိုးမမှန်တာနဲ့ အပူချိန်မြင့်မားတာတွေကြုံတွေ့ရနိုင်တာမို့ တောင်သူတွေအနေနဲ့ မိမိတို့ရဲ့သီးနှံနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ကြိုတင်ကာကွယ်နိုင်မယ့် လက်တွေ့ကျတဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
၁။စပါးစိုက်ပျိုးရာမှာရေကို စနစ်တကျသုံးစွဲပါ
စပါးစိုက်ခင်းတွေမှာရေအလွန်အကျွံမလိုဘဲ မြေအစိုဓာတ်ရှိရုံနဲ့စိုက်ပျိုးတဲ့ စနစ် (Alternate Wetting and Drying – AWD) ကို အသုံးပြုပါ။
ရေအပေးအယူစနစ်တကျပြုလုပ်ပေးတဲ့အားဖြင့် ရေအဟောင်းသားအလဟဿမဖြစ်အောင် ထိန်းသိမ်းကြရပါမယ်။
၂။မြေဆီလွှာကိုပြုပြင်ပြီး အစိုဓာတ်ထိန်းသိမ်းပါ
ကောက်ရိုးနဲ့သစ်ရွက်ခြောက်တွေကို အသုံးပြုပြီးမြေကြီးကို ဖုံးအုပ်ပေးတဲ့ မြေဖုံးစနစ် (Mulching) ကို အသုံးပြုပါ။
ဒီလိုလုပ်ဆောင်ပေးခြင်းဖြင့်မြေကြီးမှ ရေငွေ့ပျံမှုကိုကာကွယ်ပေးနိုင်ပြီး မြေဆီလွှာအတွင်း ရေထိန်းနိုင်စွမ်း ပိုမိုကောင်းမွန်လာစေပါတယ်။
၃။ ခံနိုင်ရည်ရှိတဲ့ သီးနှံနဲ့ မျိုးတွေကို ရွေးချယ်ပါ
ရေလိုအပ်ချက်နည်းပါးပြီး မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိတဲ့သက်တမ်းတို သီးနှံမျိုးတွေကိုပြောင်းလဲစိုက်ပျိုးပါ။
မျိုးစေ့တွေအရည်အသွေးကောင်းမွန်ရေးနဲ့ အပင်တွေလေဝင်လေထွက်ကောင်းမွန်စေရေးကိုလည်း အထူးဂရုစိုက ဆောင်ရွက်ရပါမယ်။
၄။ ပိုးမွှားနဲ့ ရောဂါဘယ ကာကွယ်နှိမ်နင်းပါ
ဖျက်ဆီးတတ်တဲ့ ပိုးမွှားအန္တရာယ်မှကာကွယ်ဖို့ ပေါင်းစပ်ပိုးမွှားစီမံခန့်ခွဲမှု (IPM) စနစ်ကိုအသုံးပြုပြီး သဘာဝပိုးသတ်ဆေးနဲ့ နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုပါ။
၅။ တိရစ္ဆာန်မွေးမြူရေးအတွက် ကြိုတင်ပြင်ဆင်ပါ
မွေးမြူရေးတိရစ္ဆာန်တွေအတွက် အစာနဲ့ ရေလုံလောက်စွာရရှိစေဖို့ကြိုတင်စုဆောင်းထားပါ။
အပူချိန်မြင့်မားချိန်မှာ အရိပ်အောက်ထားရှိပေးပြီး ရောဂါကင်းဝေးစေဖို့ ကာကွယ်ဆေးတွေပုံမှန်ထိုးပေးဖို့လိုအပ်ပါတယ်။
၆။ အရေးပေါ် ရိက္ခာနဲ့စားနပ်ရိက္ခာတွေကြိုတင်စုဆောင်းပါ
မိုးခေါင်ရေရှားမှုသို့မဟုတ် ရာသီဥတုဖောက်ပြန်မှုတွေအလွန်အမင်းဖြစ်ပွားလာရင် မိသားစုနဲ့မွေးမြူရေးတိရစ္ဆာန်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာတွေကို ကြိုတင်စုဆောင်းပြင်ဆင်ထားကြရပါမယ်။
၇။ ရပ်ရွာအတွင်း အကူအညီတွေပူးပေါင်းဆောင်ရွက်ပါ
ရပ်ရွာအတွင်းငွေစုအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရေးပေါ်ရန်ပုံငွေတွေထားရှိကာ ရေနဲ့စိုက်ပျိုးရေးဆိုင်ရာအခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းကြရပါမယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်တဲ့ သတိပေးချက်တွေကို အစဉ်မပြတ်စောင့်ကြည့်ပြီး သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ဖို့ Border News Agency က အသိပေးလိုက်ပါတယ်။










