Border News Agency
စစ်တွေ၊ အောက်တိုဘာ ၂၁။
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းနဲ့ မိုးတိမ်တောင် ရွေ့လျားမှုတွေကြောင့် ရခိုင်ပြည်အတွင်းမိုးထစ်ချုန်းရွာပြီးလေပြင်းတိုက်ခတ်နိုင်တယ်လို့ အမျိုးသားမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ ၂၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာတိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ရခိုင်ပြည်အပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးတိမ်တောင်တွေစတင်ဖြစ်ထွန်းနေတာဖြစ်ပါတယ်။
အဲဒီမိုးတိမ်တောင်တွေရွေ့လျားရာ လမ်းကြောင်းတလျှောက် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာစတဲ့ မိုးလေဝသ ဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့် ဒေသခံပြည်သူတွေကြိုတင်သတိပြုကြဖို့ အကြံပြုထားပါတယ်။
အဲဒီအပြင် လာမယ့်နှစ်ရက်အတွင်းမှာလည်း ရခိုင်ပြည်အပါအဝင် ဒေသအချို့မှာ မိုးဆက်လက်ထစ်ချုန်းရွာနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ငါးပေမှ ခုနှစ်ပေခန့်အထိ ရှိနိုင်ပါတယ်။
နောက်ပြီး မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်းနဲ့ အခြားပြည်နယ်အချို့မှာလည်း မိုးထစ်ချုန်းရွာနိုင်ပြီး မန္တလေးတိုင်းမှာ နေရာကွက်လို့ မိုးကြီးနိုင်ပါတယ်။










