Border News Agency
မီဇိုရမ်၊ အောက်တိုဘာ ၂၀။
မီဇိုရမ်ပြည်နယ်မှာ ခုရက်ပိုင်းအတွင်းစာအိတ်/အိတ်ပေါင်းတထောင်ကျော်ရှိတဲ့ ယူရီးယားမြေသြဇာတွေ၊ ကွမ်းသီးခြောက်၊တရားမဝင် အရက်နဲ့ စိတ်ကြွဆေးပြားတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
မီဇိုရမ်ရဲ့တပ်ဖွဲ့ဟာတရားမဝင် ကုန်စည်ကူးသန်းမှုနဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အထူးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာအောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့ထိ အိန္ဒိယရူပီသိန်းနှစ်ရာ့ရှစ်ဆယ်ကျော်တန်ဖိုးရှိ တရားမဝင်ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဆေးလင်းလမ်းဆုံမှာ အောက်တိုဘာလ ၁၈ ရက်နေ့မှာ နာကာစစ်ဆေးမှုလုပ်ချိန် စုစုပေါင်း ရူပီဆယ့်ရှစ်သိန်းတန်ဖိုးရှိ ယူရီးယားမြေသြဇာအိတ်ပေါင်းခြောက်ရာနီးပါး တင်ဆောင်လာတဲ့ ကုန်ကားနှစ်စီးကို သိမ်းဆည်းရမိခဲ့ပြီးစိုက်ပျိုးရေးဌာနဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီအပြင် အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း စိုက်တိုအာလ် ခရိုင် ကေးဖန် မှာ ယူရီးယားမြေသြဇာ အိတ်ပေါင်း ခြောက်ရာရှစ်ဆယ်ကိုးအိတ်ကို တရားမဝင် တင်ဆောင်လာတဲ့ ကုန်ကားနှစ်စီးနဲ့အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
နောက်ပြီးခေါဇောလ်ခရိုင်နဲ့ မီဇိုရမ်-မြန်မာ နယ်စပ်အနီး တူးဆင်းဖိုင်ဒေသတွေမှာ တရားမဝင် တင်ဆောင်လာတဲ့ ကွမ်းသီးခြောက် ကီလိုဂရမ် လေးသောင်းကျော်နဲ့နိုင်ငံခြားဖြစ် စီးကရက်ဘောက်စ်ခုနှစ်ဆယ်တဘောက်စ်တို့ကို စိုက်ပျိုးရေး/ကောက်ပဲသီးနှံ စစ်ဆေးရေးဌာနနဲ့ ပူးပေါင်းပြီး သိမ်းဆည်းနိုင်ခဲ့ပါတယ်။
အဲဒီအပြင် အောက်တိုဘာလ ၁၂ ရက်နေ့က လည်းဘောင်းကွန် ရဲစခန်းနယ်မြေမှာ ရူပီခုနှစ်ဆယ်ငါးသိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားကိုးရာ့ငါးဆယ်ဂရမ်ကို ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသူ တဦးအပါအဝင် အမျိုးသမီးနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူထားပါတယ်။













