Border News Agency
မဲဆောက်၊ အောက်တိုဘာ ၁၉။
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်မှာ အောက်တိုဘာလ ၁၉ ရက်နေ့က စာရွက်စာတမ်းမရှိဘဲ တရားမဝင်ဝင်ရောက်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားဆယ့်ရှစ်ဦးထက်မနည်းကို ထိုင်းရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးပါတယ်။
မဲဆောက်မြို့၊ မယ်ပရပ်ကွက်၊မာရဝေ(Maruai) ရှိ မြန်မာနိုင်သားတွေအဓိကနေထိုင်တဲ့အခန်းတွေကို အဲဒီနေ့မနက် ၆ နာရီအချိန်ခန့်ကစပြီး နယ်မြေရှင်းလင်းရေးအဖြစ်ဆောင်ရွက်ခဲ့ကာ စစ်ဆေးခဲ့တာပါ။
အဲဒီအခန်းတွေမှာ မြန်မာနိုင်ငံသားဆယ့်ရှစ်ဦးနဲ့ ပူးပေါင်းပါဝင်သူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်မှု စွပ်စွဲချက်နဲ့ဥပဒေအရ အရေးယူဖို့ မဲဆောက်ရဲစခန်းကိုလွှဲပြောင်းထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း နေရာပေါင်းနှစ်ဆယ်နီးပါးကို စစ်ဆေးခဲ့ပြီး တရားမဝင်ဝင်ရောက်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား လူပေါင်းနှစ်ရာကျော်ကိုဖမ်းဆီးခဲ့ပါတယ်။
မဲဆောက်မြို့ကိုဝင်ရောက်လာကြတဲ့ နိုင်ငံခြားသားတွေဟာ အွန်လိုင်းလိမ်လည်မှုတွေပြုလုပ်ရာ နေရာဖြစ်တဲ့ မြဝတီဘက်ကို ခိုးဝင်မှုတွေရှိနေတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။










