Border News Agency
စစ်ကိုင်း၊အောက်တိုဘာ ၂၀။
စစ်ဥပဒေနဲ့ ကျင့်ဝတ်အတိုင်းထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းဆယ့်ခြောက်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် ခံယူခွင့်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၉ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီစစ်သုံ့ပန်းဆယ့်ခြောက်ဦးဟာ စစ်ရာဇဝတ်မှုကင်းရှင်းပြီး ပေးအပ်တဲ့တာဝန်တွေကို သစ္စာရှိစွာတာဝန်ကျေပွန်ခဲ့ကြတာကြောင့် စစ်သုံ့ပန်းစာရင်းကနေ ပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။
သူတို့ဟာ အထူးတိုင်းစစ်ဌာနသုံ့ပန်းစခန်းမှာ ထိန်းသိမ်းခံထားရသူဖြစ်ပြီး မိမိတို့ရဲ့ ဆန္ဒအလျောက် သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ထောက်ခံမှုနဲ့အတူ ပြည်သူ့တပ်မတော်သားအဖြစ် ခံယူလိုကြောင်း အဆိုပြုခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအပြင် တော်လှန်ရေးတိုက်ပွဲတွေမှာပါဝင်လိုတဲ့ သူတို့ရဲ့ ဆန္ဒအပေါ်မူတည်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် ပါဝင်ခွင့်ပြုခဲ့တာလို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်သုံ့ပန်းတွေကို စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့လည်းဆိုပါတယ်။







