Border News Agency
မင်းကင်း၊ အောက်တိုဘာ ၂၁။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ မြောက်ချွန်းကျေးရွာကိုအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားရှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
မြောက်ချွန်းကျေးရွာကို အောက်တိုဘာလ ၂၁ ရက်၊ ဒီနေ့ မနက် ၁၁နာရီအချိန်ခန့်က စစ်တပ်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)တက် ဂျိုင်ရိုကော်ပတာနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုအတွင်း မြောက်ချွန်းကျေးရွာမှ အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရသွားခဲ့ပြီး အဲဒီအထဲ စိုးရိမ်ရသူသုံးဦးရှိနေပါတယ်။
အဲဒီမြောက်ချွန်းကျေးရွာဟာ မင်းကင်းမြို့နဲ့ ၁၅ မိုင်ကွာဝေးတဲ့အပြင် ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ကျေးရွာတရွာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားတွေနေထိုင်ရာမြို့၊ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေဟာ နေ့စဉ်သေဆုံးဒဏ်ရာရနေကြပါတယ်။















