Border News Agency
ကလန်တန်၊ အောက်တိုဘာ ၂၁။
မလေးရှားနိုင်ငံ၊ကလန်တန်ပြည်နယ်အစိုးရဟာဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကြိုတင်ဖြေရှင်းနိုင်ဖို့ ပြည်နယ်ရှိ မြန်မာဒုက္ခသည်တွေရဲ့ အရေအတွက်နဲ့ တည်နေရာ အချက်အလက်တွေကို ကောက်ယူဖို့ ခရိုင်အရာရှိအားလုံးကိုညွှန်ကြားလိုက်ပါတယ်။
လက်ရှိမှာ တာနားမေးရားခရိုင်က အချက်အလက်တွေကိုပဲ ရရှိသေးပြီး အဲဒီခရိုင်မှာ လူဦးရေ သုံးရာကျော်ပါတဲ့ မိသားစု ရှစ်ဆယ်ခန့် စိုက်ပျိုးရေးလုပ်ကိုင်နေကြတယ်လို့ ပြည်နယ်အရာရှိဖြစ်သူ Hilmi Abdullah က ပြောပါတယ်။
ဒီလိုစာရင်းကောက်ယူတာဟာ ပြည်နယ်ရှိ မြန်မာရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေချနေထိုင်ရာ နေရာတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ စောင့်ကြည့်နိုင်ဖို့အတွက် အရေးကြီးတာကြောင့် ကျေးရွာလူကြီးတွေကိုပါ ကူညီပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
အဲဒီအပြင် ဒုက္ခသည်တွေတနေရာတည်းမှာ စုပြုံနေထိုင်ပြီးသီးခြားကိုလိုနီလို ဖြစ်လာမှာကို မလိုလားကြောင်းနဲ့ ပြည်နယ်အစိုးရအနေနဲ့ မြေယာကျူးကျော်မှုနဲ့ လိုင်စင်မဲ့လုပ်ကိုင်မှုတွေကို စေတနာမပါဘဲ စည်းကမ်းအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့် ကန့်သတ်ချက်တွေရှိနေလို့ ပြည်နယ်တခုတည်းအပေါ် လုံးလုံး ပုံမချထားကြဖို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။










