Border News Agency
နေပြည်တော်၊ ဇူလိုင် ၃၁။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီထံ ဇူလိုင်လ ၃၁ ရက် ဒီနေ့မှာ နိုင်ငံအာဏာပြန်အပ်ပြီးနောက် ယာယီသမ္မတာဝန်ကို ဆက်ယူပြီးကော်ယမရှင်သစ်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီကော်မရှင်ကို “နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်” လို့ အမည်ပေးထားပြီး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ဆယ်ဦးပါဝင်ပါတယ်။
ကော်မရှင်ရဲ့ ဥက္ကဋ္ဌနေရာကိုလည်း မင်းအောင်လှိုင်ကဆက်ယူထားပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကဒုတိယဥက္ကဋ္ဌ နေရာကိုယူထားပါတယ်။
ကျန်တဲ့အဖွဲ့ဝင်တွေကတော့ ကာကွယ်ရေး၊ပြည်ထဲရေး၊နယ်စပ်ရေးရာစတဲ့ ဝန်ကြီးဌာနတွေကပြည်ထောင်စုဝန်ကြီးတွေဖြစ်ပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်အာဏာကို လွှဲအပ်ခဲ့တာပါ။
အဲဒီနောက် ခြောက်လစီသက်တမ်းရှိတဲ့ အရေးပေါ်ကာလကိုခုနစ်ကြိမ်အထိသက်တမ်းတိုးခဲ့ပြီးနောက် ဒီနေ့မှာ နောက်ထပ်သက်တမ်းမတိုးတော့ဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဏာလွှဲအပ်ထားတဲ့ အမိန့်ကို ပယ်ဖျက်လိုက်တာလည်းဖြစ်ပါတယ်။
အာဏာသိမ်းချိန်က ဒုတိယသမ္မတဦးမြင့်ဆွေက အာဏာလွှဲအပ်ရေးကိစ္စတွေကို ဆောင်ရွက်ခဲ့ပေမဲ့ ခုတော့ သူ့ရဲ့ကျန်းမာရေးကိစ္စကိုအကြောင်းပြပြီး ယာယီသမ္မတာဝန်ကို မင်းအောင်လှိုင်ကပူးတွဲယူထားတာဖြစ်ပါတယ်။
စစ်ကောင်စီက အခုနှစ်ကုန်ပိုင်းမှာ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။






