Border News Agency
မိုးကုတ်၊ အောက်တိုဘာ ၂၂။
မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်သုံးဦးသေဆုံးပြီး ဆယ့်နှစ်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်ကအောက်တိုဘာလ ၂၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီမိုးကုတ်မြို့၊ ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းကို အောက်တိုဘာလ ၂၁ ရက်နေ့က စစ်ကော်မရှင်တပ်တိုက်ခိုက်ခဲ့တာပါ။
အဲဒါကြောင့် အသက်ဆယ့်နှစ်နှစ်အရွယ်မမွန်သူ၊ အသက်ခြောက်နှစ်အရွယ်မခူသာနဲ့ အသက်ဆယ်နှစ်အရွယ်မချာရှီးသေဆုံးပြီး ကလေးအပါအဝင်အရပ်သားဆယ့်နှစ်ဦးထိဒဏ်ရာ ရသွားခဲ့ပါတယ်။
အဲဒီအပြင် နေအိမ်ဆယ့်တလုံးနဲ့ ဖူဆယ်ကွင်းတကွင်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ တရက်မှနှစ်ဆယ်ရက်ထိလေကြောင်းမှ မန်တုံမြို့ကိုနှစ်ကြိမ်၊ ကျောက်မဲမြို့ကို နှစ်ကြိမ်၊ သီပေါမြို့ကိုငါးကြိမ်၊ မိုင်းငေါ့မြို့ကိုသုံးကြိမ်၊ မိုင်းလုံမြို့ကိုသုံးကြိမ်၊ နမ့်ဆန်မြို့ကိုခြောက်ကြိမ်၊ နမ္မတူမြို့ကိုငါးကြိမ်၊ မိုးမိတ်မြို့ကိုသုံးကြိမ်နဲ့ မိုးကုတ်မြို့ကိုနှစ်ကြိမ် စုစုပေါင်းသုံးဆယ့်တကြိမ်ထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ကလေးငယ်ခုနှစ်ဦး၊ အမျိုးသားဆယ့်သုံးဦး၊ အမျိုးသမီးနှစ်ဆယ့်တဦးသေဆုံးခဲ့ပြီး သံဃာတော်နှစ်ပါး၊ ကလေးဆယ့်တဦး၊ အမျိုးသားဆယ့်ခုနှစ်ဦး၊ အမျိုးသမီးဆယ့်ခုနှစ်ဦး ဒဏ်ရာရသွားတယ်လိုဆိုပါတယ်။
နောက်ပြီးနေအိမ် တရာ့လေးဆယ်သုံးအိမ်၊ စာသင်ကျောင်းလေးကျောင်း၊ ဘုန်းကြီးကျောင်းလေးကျောင်း၊ ကျောင်းဆောင်ရှစ်ဆောင်၊ အဆောက်အဦးသုံး ဆောင်၊ ကြက်မွေးမြူးရေးခြံနှစ်ခြံ၊ ဆိုင်ခန်းငါးခန်း၊ လက်ဖက်စက်ရုံတရုံ၊ ဆိုင်ကယ်လေးစီး၊ ကားတစီးတို့ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့ ပြည်သူတွေစစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြပါတယ်။
တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူး လွန်နေတယ်လို့ ဆိုပါတယ်။












