Border News Agency
မကွေး၊ နိုဝင်ဘာ ၁၆။
မကွေးတိုင်း၊ ပေါက်မြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ့်ခုနှစ်ဦးသေဆုံးပြီး စစ်သုံ့ပန်းသုံးဦးနဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နိုဝင်ဘာလ ၁၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီပခုက္ကူခရိုင်၊ ဆိပ်ဖြူ ကပစ ၂၂ မှနေထွက်လာတဲ့ အင်အားလေးရာကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၃၀ ရက်နေ့က ပေါက်မြို့နယ်အတွင်း စစ်ကြောင်းခွဲဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းထဲမှာ မိတ္ထီလာအခြေစိုက်တပ်မ ၉၉ နဲ့အတူ အမှတ် ၁၄၊ အမှ တ် ၁၉ နဲ့ခမရ ၁၀၉ စတဲ့ တပ်ရင်း ၃ ရင်း ဟာ ပေါက်မြို့နယ်တောင်ပိုင်းဆီ စစ်ကြောင်းသုံးခုခွဲဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ စစ်ကြောင်းထိုးရာလမ်းတလျှောက်မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဖမ်းဆီးသတ်ဖြတ်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပေါက်မြို့နယ်တောင်ပိုင်း၊ ကျောက်ကာကျေးရွာအနီးတနေရာမှာ နိုဝင်ဘာ လ ၃ ရက်နေ့က အင်အားတရာ့ငါးဆယ်ပါစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဖက်က ဆယ်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ပေါက်မြို့နယ်တောင်ပိုင်း၊ ယောချောင်းတနေရာမှာ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေထပ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကော်မရှင်ရဲ့ တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းဟာ ပေါက်မြို့နယ်တောင်ပိုင်း၊ သီးချောက်ရွာကနေအင်အားတရာ့သုံးဆယ်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေတိုက်ခိုက်ရာ ခုနှစ်ဦးသေဆုံးပြီး အရှင်သုံးဦးဖမ်းမိခဲ့သလို လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်စစ်ကြောင်းတွေကို ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပေါက်ပကဖနဲ့အတူ ပေါက်-ဆိပ်ဖြူတပ်ရင်းစုဖွဲ့မှုက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။










