Border News Agency
ရန်ကုန်၊ ဒီဇင်ဘာ ၅။
မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့အပြင်မထွက်၊ အသံတိတ်သပိတ်ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လာမယ့်ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က အသိပေးထုတ်ပြန်ပါတယ်။
“Our Voice, Our Fight, Our Rights”ဆိုတဲ့ ဒီနှစ်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ရဲ့ ဆောင်ပုဒ်အတိုင်းမြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ့်အခွင့်အရေးအတွက် အသံတွေတိတ်ကာဟစ်ကြွေးကြမယ်လို့ ဆိုပါတယ်။
“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့နိုင်ငံတနိုင်ငံက နိုင်ငံသားတွေရဲ့တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကိုကမ္ဘာတစ်ဝှမ်းကကြားအောင်လုပ်ဆောင်ရမယ်”လို့ GSCB က ဆိုပါတယ်။
အသံတိတ်သပိတ်ပြုလုပ်မယ့်အချိန်ကို ရုံးတက်ရုံးဆင်း၊ ဈေးသွားဈေးလာအချိန်တွေနဲ့လွတ်အောင် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ သတ်မှတ်ထားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲဟာ ဒီဇင်ဘာလထဲမှာစတင်တော့မှာဖြစ်ပြီး ရွေးကောက်ပွဲအတုနီးကပ်လာတာနဲ့အမျှ ပြည်သူတွေရဲ့ထောက်ခံမှုရရှိနေသယောင် နိုင်ငံတကာမှာအတုအယောင် ဝါဒဖြန့်မှုတွေလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင်တဖက်မှာလည်း ပြည်သူတွေကို ချော့တခါခြောက်တစ်လှည့်နဲ့ရွေးကောက်ပွဲအထမြောက်ဖို့ ကြိုးစားနေတယ်လို့လည်းဆိုပါတယ်။






