Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၂၄။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဝက်လက်သတင်းကွန်ရက်မှ ဒီဇင်ဘာလ ၂၄ရက်၊ ဒီနေ့ကထုတ်ပြန်ပါတယ်။
ဝက်လက်မြို့နယ်အရှေ့ဘက်၊ ငါးပတ်ချောင်းကျေးရွာကို ဒီဇင်ဘာလ ၂၃ ရက်၊ ညနေအချိန် စစ်ကော်မရှင်တပ်ရဲ့မိတ္ထီလာလေတပ်က တိုက်လေယာဥ်တစီးနဲ့ ပေါင် ၂၀၀ ဗုံးလေးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်လို့ အမျိုးသမီးတွေ၊ သက်ကြီးတွေ၊ ကလေးငယ်တွေသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီ အသက်ရှစ်ဆယ်အရွယ် ဒေါ်သန်းမြ၊ အသက်ခုနှစ်ဆယ့်ငါးနှစ်အရွယ် ဒေါ်ကျင်နဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ကိုမင်းသန့်၊ အသက်ဆယ့်လေးနှစ်အရွယ် ကလေးတဦး၊ အသက်ခုနှစ်နှစ်အရွယ် ကလေးတဦး၊ အသက်သုံးဆယ်ငါးနှစ်အရွယ် ဒေါ်မာသွယ်၊ အသက်ရှစ်ဆယ်ကျော်အရွယ် ဒေါ်ခင်တင့်တို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဒဏ်ရာရသူတွေလည်းရှိနေပြီး နွားတွေလည်းသေဆုံးခဲ့ကြသလို ကားသုံးစီးလည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ငါးပတ်ချောင်းရွာကို လေကြောင်းမှ သုံးကြိမ်အထိတိုက်ခိုက်ခဲ့တာကြောင့် ရွာဘုရားဝန်းလည်းပျက်စီးပြီး နေအိမ်လေးလုံးမီးလောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း၊ ထုံးဘိုကျေးရွာတောင်ဘက်မှာရှိတဲ့ သန်းကုန်းတောတိုက်အနီးတဝိုက်ကိုလည်း ဒီဇင်ဘာလ ၁၉ ရက်နေ့က စစ်ကော်မရှင်တပ်ရဲ့တံတားဦးလေတပ်မှ ပေါင်၂၅၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့ကြပါတယ်။










