Border News Agency
လန်ဒန်၊ ဖေဖော်ဝါရီ ၂။
လန်ဒန်မြို့ပါလီမန်ရှေ့မှာ ဖေဖော်ဝါရီ ၁ရက်၊ မနေ့ကကျရောက်တဲ့ နွေဦးတော်လှန်ရေးငါးနှစ်ပြည့်ဆန္ဒပြပွဲကို ကျင်းပခဲ့ပါတယ်။
အဲဒီပွဲကို ယူကေမှာရှိနေတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံ စုစုပေါင်း ၆၀၀ ခန့် လာရောက်ပူးပေါင်းခဲ့ကြတာပါ။
ပြည်သူတွေ မဲပေးရွေးချယ်ထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့တခုလုံးကို စစ်တပ်ကဥပဒေမဲ့ဖမ်းဆီးပြီး အာဏာလုယူခဲ့တာကြောင့် အခုလိုပြည်သူတွေက ဆန့်ကျင်တော်လှန်နေကြတာ ဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်း ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးမောင်မောင်အောင်နဲ့ ဒေါက်တာသက်ကိုကို၊ လန်ဒန်မြို့တော်ဝန်ကြီးဟောင်း Mr. Paul Scully တို့အပြင် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေတက်ရောက်စကားပြောခဲ့ကြပါတယ်။
ပြည်ပရောက်မြန်မာတွေအနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့၊ နိုင်ငံတကာကစစ်ကော်မရှင်ကို ဘက်ပေါင်းစုံကနေပိတ်ဆို့အရေးယူပေးဖို့နဲ့ စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ကိုချက်ချင်းပြန်လွှတ်ပေးပြီး ပြည်သူတွေလိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ဖို့အတွက်လည်း ဆက်လက်တောင်းဆိုနေကြပါတယ်။




















