Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၂။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရာဂါမာတီ(Rangamati) ခရိုင်၊ ဂါဂရာ (Ghagra) ယူနီယံရှိ ကတ်ရှ်ခါလီအစိုးရမူလတန်းကျောင်း မဲရုံသို့ မဲပေးဖို့သွားတဲ့လမ်းမှာ ဒေသခံလူမျိုးစုဝင်အချို့ကို BNP ပါတီဝင်တွေကဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်ခံရသူတွေမှာ ကတ်ရှ်ခါလီနဲ့ဒိုလူပါရာ (Dolupara) ကျေးရွာများမှ မရာမာလူမျိုးနဲ့ ချက္ကမလူမျိုးတွေဖြစ်ကြတယ်လို့ သိရပါတယ်။
သူတို့ကို BNP ပါတီဝင်တွေနဲ့ထောက်ခံသူတွေက လမ်းမှာတားဆီးကာ အုပ်စုဖွဲ့ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီမရာမာနဲ့ ချက္ကမလူမျိုးတွေဖြစ်တဲ့ သွေခရိုမာရ်မာ၊ ရွေရှီးမားမာရ်မာ၊ ချန်ဒရာဒန်ချက္ကမ၊ ပရာတီမွိုင်ချက္ကမနဲ့ မီကာချက္ကမ တို့ဒဏ်ရာရသွားခဲ့ကြတာဖြစ်ပါတယ်။
ပါမောက္ခ မိုဟာမက်ယူနွတ်စ်ရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပေမယ့် စစ်တကောင်းတောင်တန်းဒေသရှိ လူမျိုးစုဝင်တွေအတွက် ဘေးကင်းလုံခြုံစွာမဲပေးနိုင်ဖို့စိန်ခေါ်မှုများစွာ ရှိနေတာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ မဲပေးပိုင်ခွင့်ကိုဟန့်တားတာဖြစ်သလို တောင်တန်းဒေသရှိ လူမျိုးစုတွေအပေါ် ဖိနှိပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့လည်းဝေဖန်ပြောဆိုနေကြပါတယ်။
ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်း ခုလိုမျိုးတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် အဲဒီမဲရုံနဲ့အနီးတစ်ဝိုက်မှာ စိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်နေကြပါတယ်။









