Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၂၀။
အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ‘Cobra Gold 2026’ မှာ အသုံးပြုဖို့ အမေရိကန်ရေတပ်ရဲ့ စစ်ဗျူဟာမြောက် အကြီးစားကုန်တင်သင်္ဘော (LMSR) ဟာ ထိုင်းနိုင်ငံ၊ စတ်တာဟစ်ရေတပ်စခန်းကို ဆိုက်ရောက်လာပါတယ်။
လက်ရှိမှာတော့ သင်္ဘောပေါ်မှာပါလာတဲ့ စစ်လက်နက်ပစ္စည်းတွေကို စတင်ချပေးနေပြီလို့ Army Military Force ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖေဖော်ဝါရီလ၁၈ ရက်ကနေ ၁၉ ရက်အတွင်း ဆိုက်ကပ်ခဲ့တဲ့ အဲဒီ LMSR သင်္ဘောကြီးပေါ်မှာ စစ်ရေးလေ့ကျင့်ရာမှာ အသုံးပယ့် ဘီးတပ်စစ်သုံးယာဉ်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းမျိုးစုံ ပါဝင်ပါတယ်။
ဒီပစ္စည်းတွေကို ဆိပ်ကမ်းကနေတဆင့် ကုန်းပေါ်ကို လွှဲပြောင်းပို့ဆောင်တာတွေကို အမေရိကန်စစ်တပ်ဘက်က ဒီနေ့အထိ ဆက်လက်လုပ်ဆောင်နေတာပါ။
ထိုင်းနဲ့ အမေရိကန်တို့ ပူးတွဲအိမ်ရှင်အဖြစ် နှစ်စဉ်ကျင်းပတဲ့ ‘Cobra Gold’ စစ်ရေးလေ့ကျင့်မှုဟာ မိတ်ဖက်နိုင်ငံတွေအကြား စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ နည်းပညာဖလှယ်ဖို့ကို အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် လေ့ကျင့်မှုအတွက် အမေရိကန်ဘက်က ခေတ်မီစစ်လက်နက်ပစ္စည်းတွေကို အလုံးအရင်းနဲ့ ကြိုတင်ပို့ဆောင်ထားတာဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်းမှာ စစ်ရေးလေ့ကျင့်မှုတွေကို တရားဝင် စတင်သွားမှာဖြစ်တယ်လို့သိရပါတယ်။













