Border News Agency
တိုရွန်တို၊ဇူလိုင် ၁၆
ကနေဒါနိုင်ငံ၊အွန်တေးရီယိုးပြည်နယ်အနောက်မြောက်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးခိုးငွေ့တွေကြောင့် နိုင်ငံတွင်းအကြီးဆုံးမြို့ဖြစ်တဲ့ တိုရွန်တိုမြို့ဟာကမ္ဘာပေါ်မှာ လေထုအရည်အသွေး အဆိုးဆုံးမြို့အဖြစ် IQAir ထုတ်ပြန်ပါတယ်။
ကနေဒါပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက တိုရွန်တိုမြို့လေထုအရည်အသွေးကျန်းမာရေးညွှန်းကိန်းကို “အလွန်အန္တရာယ်များ” တဲ့အဆင့် (၁၀+)အဖြစ် သတ်မှတ်ထားပြီး ဒီလိုအခြေအနေဆိုးဟာ လာမယ့် ကြာသပတေးနေ့ညထိ ဆက်ရှိနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကနေဒါတနိုင်ငံလုံးအတိုင်းအတာနဲ့ တောမီး ၈၃၅ ခု လောင်ကျွမ်းနေပြီး ၁၁၂ ခုဟာ ထိန်းချုပ်ရခက်ခဲနေဆဲဖြစ်ကာ တောမီးကြောင့် အွန်တေးရီယိုးပြည်နယ် မြောက်ပိုင်းရှိ အမ်းစထရောင်းမြို့ခံတွေနဲ့ ရထားလိုင်းဝန်ထမ်းတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့ညက အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဒီတောမီးခိုးငွေ့တွေဟာ အမေရိကန်နိုင်ငံဘက်ကိုပါ ကူးစက်ပျံ့နှံ့သွားခဲ့ပြီး ပင်ဆယ်ဗေးနီးယား၊ နယူးယောက်၊ မက်ဆာချူးဆက်နဲ့ မိန်း ပြည်နယ်တွေမှာ လေထုအရည်အသွေးဆိုးမှု သတိပေးချက်တွေ ထုတ်ပြန်ထားရသလို လာမယ့်တနင်္ဂနွေနေ့မှာကျင်းပမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကျင်းပရာ နယူးဂျာစီအားကစားကွင်းနဲ့ နယူးယောက်မြို့ ကောင်းကင်ပြင်တွေမှာလည်း မြူထုတွေ ဖုံးလွှမ်းနေပါတယ်။
နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို ကျန်းမာရေးသတိပြုကြဖို့ နှိုးဆော်ထားပြီး ပညာရှင်တွေကတော့ ကနေဒါနိုင်ငံရဲ့ တောမီးလောင်ကျွမ်းမှုဟာ အပူလှိုင်းဒဏ်ဆိုးနဲ့ပါ ပူးတွဲကြုံတွေ့နေရတာကြောင့် နောက်နောင်ဆယ်စုနှစ်တွေမှာ အကြိမ်ရေပိုများစွာ ကြုံတွေ့လာရနိုင်တယ်လို့ သတိပေးထားပါတယ်။






