Border News Agency
နယူးယောက်၊ဇူလိုင် ၁၆။
အမေရိကန်နိုင်ငံ၊နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ဇူလိုင်လ ၁၄ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆိုင်ရာအဆင့်မြင့်နိုင်ငံရေးဖိုရမ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
အဲဒီမှာကိုယ်စားလှယ်အဖွဲ့ခေါင်းဆော င်ဦးအောင်ကြည်ညွန့်က မြန်မာမှာစစ်အာဏာသိမ်းပြီးနောက်ပြည်သူ သန်းပေါင်းများစွာနေရပ်စွန့်ခွာနေရပြီး လူနေအိမ်တွေနဲ့ စာသင်ကျောင်းတွေဖျက် ဆီးခံနေရတာကြောင့် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်တွေ ထိခိုက်နေရကြောင်း တင်ပြခဲ့ပါတယ်။
ဒါပေမယ့် မြန်မာပြည်သူတွေဟာ ခိုင်မာတဲ့ခံနိုင်ရည်နဲ့အတူ ရပ်တည်နေဆဲဖြစ်ပြီး CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းကာ ဒီမိုကရေစီအနာဂတ် တည်ဆောက်ရေးအတွက် ကြိုးပမ်းနေတာကြောင့် နိုင်ငံတကာက ဆက်လက်ပံ့ပိုးကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီအပြင် CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းကလည်း စစ်အာဏာသိမ်းမှုကြောင့် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အချိန်တိုအတွင်း ဆုံးရှုံးသွားရတဲ့အကြောင်း ပါဝင်ဆွေးနွေးခဲ့သလို မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ IPU အထွေထွေအတွင်းရေးမှူးချုပ်နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အနေနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက CRPH ကိုပဲ မြန်မာနိုင်ငံရဲ့ တရားဝင် ဆွေးနွေးဖက်အဖြစ် ဆက်အသိအမှတ်ပြုထားတာကြောင့်ဖိုရမ်တွေမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုဆက်ပါဝင်ခွင့်ရနေတာ ဖြစ်ပါတယ်။







