Border News Agency
အင်ဒိုနီးရှား၊ စက်တင်ဘာ ၄။
အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရကအခမဲ့ကျွေးမွေးတဲ့ နေ့လယ်စာကိုစားသုံးခဲ့ကြရာမှ သုံးရက်အတွင်း ကျောင်းသား၊ကျောင်းသူတွေနဲ့ ဆရာ၊ဆရာမရှစ်ရာကျော် အစာအဆိပ်သင့်ခဲ့ပါတယ်။
လာဆမ်းမြို့ရှိ အစိုးရအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး အပါအဝင် ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတဆယ့်ငါးဦးဟာ မနက် ၃ နာရီကတည်းက ချက်ပြုတ်ထားတဲ့ ကြက်ကြော်ကို နေ့လည်မှာစားမိရာမှ အစာအဆိပ်သင့်ပြီး ဆေးရုံတင်ခဲ့ရတာဖြစ်ပါတယ်။
အဲဒီအပြင်အရှေ့ဂျာဗားရှိ ဆီဒိုအာဂျိုမှာ စက်တင်ဘာလ ၁ ရက်နေ့ကလည်း ကျောင်းသား၊ကျောင်းသူ ငါးရာခြောက်ဆယ့်ခြောက်ဦး အစာအဆိပ်သင့်ခဲ့ပါတယ်။
နောက်ပြီး စက်တင်ဘာလ ၂ ရက်မှာလည်း အန်ဂန်ဂျက်မှ ကျောင်းသား၊ကျောင်းသူလေးဆယ့်ကိုး ဦး အစာအဆိပ်သင့်ခဲ့ကြတာဖြစ်ပါတယ်။
အင်ဒိုနီးရှားသမ္မတပရာဘိုဝိုရဲ့ ကျောင်းသားတွေနဲ့ ကိုယ်ဝန်ဆောင်ခြောက်ဆယ့်နှစ်သန်းကို အာဟာရပြည့်ဝရေး အစိုးရစရိတ်နဲ့ ကျွေးမွေးတဲ့စီမံကိန်းဟာ အစားအစာသိုလှောင်မှုနဲ့ သယ်ယူပို့ဆောင်ရေးအားနည်းချက်တွေကြောင့် အဆိပ်သင့်မှုတွေ ခဏခဏဖြစ်ပွားနေတာဖြစ်ပါတယ်။
အဲဒီစီမံကိန်းစတင်ခဲ့ပြီးနောက် အစာအဆိပ်သင့်သူ စုစုပေါင်း ငါးသောင်းကျော်ရှိခဲ့ပြီး အကျင့်ပျက်ခြစားမှုတွေပါဝင်နေတာကြောင့် ဒီအစီအစဉ်ကိုရပ်တန့်ဖို့ NGO အဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။











