Border News Agency
ထိုင်း၊ စက်တင်ဘာ ၁၀။
မြန်မာနဲ့ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းနှိမ်နင်းရေးအစီအစဉ်အရ မြန်မာဘက်ကို ထွက်ပြေးလွတ်မြောက်နေတဲ့ ထိုင်းနိုင်ငံသား မူးယစ်တရားခံပြေးကိုးယောက်ကို မြန်မာနိုင်ငံ ဗဟိုမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ က ထိုင်းဘက်ကိုလွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီတရားခံပြေးတွေကို စက်တင်ဘာလ ၁၀ရက်၊ ဒီနေ့မှာ တာချီလိတ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မယ်ဆိုင်မြို့ရှိ အမှတ် ၁ မယ်ဆိုင်တံတားမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေက တရားဝင်လက်ခံလွှဲပြောင်းခဲ့ကြတာပါ။
လွှဲပြောင်းပေးခဲ့တဲ့ တရားခံပြေးကိုးဦးထဲမှာခုနှစ်ဦးဟာ မူးယစ်ဆေးဝါးမှုတွေနဲ့ တိုက်ရိုက်ဆက်နွှယ်နေသူတွေဖြစ်ကြပြီး အဲဒီအထဲကသုံးဦးဟာ ထိုင်းမူးယစ်ထိန်းချုပ်ရေးအဖွဲ့ (ONCB)က အထူးအလိုရှိနေတဲ့ အဓိကမူးယစ်မှောင်ခိုတရားခံပြေးတွေဖြစ်ပါတယ်။
ကျန်တဲ့တရားခံပြေးနှစ်ဦးကတော့ အခြားရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်နေသူတွေဖြစ်ကြပြီး ပြီးခဲ့တဲ့လပိုင်းက နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တွေရဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု ပူးပေါင်းနှိမ်နင်းရေးသဘောတူညီချက်တွေအတိုင်း အခုလိုဖမ်းဆီးလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ နှစ်နိုင်ငံအာဏာပိုင်တွေဟာ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် သတင်းအချက်အလက်တွေကို အပြန်အလှန် ဖလှယ်ပြီး နယ်စပ်ဖြတ်ကျော်တရားခံပြေးတွေနဲ့ မူးယစ်ကွန်ရက်တွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ဆိုပါတယ်။



















