Border News Agency
မီဇိုရမ်၊ စက်တင်ဘာ ၁၀။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်အတွင်းမြန်မာနိုင်ငံသားနှစ်ဦးဆီမှ အိန္ဒိယရူပီဆယ်ကုဋေကျော်တန်ဖိုးရှိ မက်သမ်ဖက်တမင်း စိတ်ကြွဆေးပြားတသိန်းကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဆိုင်တူအာလ်ရဲတပ်ဖွဲ့ဟာ စက်တင်ဘာလ ၈ ရက်နေ့က ကေဖန်၊ကူအာလ်မားဝီးအနီး ယာဉ်စစ်ဆေးရေးဆောင်ရွက်နေစဉ် ချမ်ဖိုင်မြို့ ဇိုတေးဘက်မှ အိုင်ဇောမြို့ဘက်သို့မောင်းနှင်လာတဲ့ စကူတာမော်တော်ဆိုင်ကယ်ကို စိစစ်ရှာဖွေရာမှမူးယစ်ဆေးဝါးတွေကိုသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေမှာ ရန်ကုန်မြို့ဒေသခံတွေဖြစ်ပြီး လက်ရှိချမ်ဖိုင်မြို့မှာနေထိုင်နေကြတဲ့ အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် ချင်းဇာလျန်နဲ့ အသက်နှစ်ဆယ့်ခုနစ်နှစ်အရွယ် ထီးယန်းခတ်မွမ်းဂါတို့ဖြစ်ကြပါတယ်။
သူတို့ဆီမှ အလေးချိန်တဆယ့်နှစ်ဒသမခုနှစ်လေးခြောက်ကီလိုဂရမ်ရှိ မက်သမ်ဖက်တမင်း စိတ်ကြွဆေးပြားတသိန်းတထောင် ပြားကိုဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲဒီဆေးပြားတွေရဲ့စုစုပေါင်းကာလတန်ဖိုးမှာ အိန္ဒိယရူပီဆယ်ကုဋေကျော်ခန့်ရှိပါတယ်။
အဲဒီဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး သယ်ဆောင်လာတဲ့စကူတာတစီးနှင့် မိုဘိုင်းဖုန်းနှစ်လုံးကိုပါ သိမ်းဆည်းထားပါတယ်။
အိန္ဒိယနယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတာကြောင့် ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေဆက်တိုက်များပြားလာနေတာမို့ မြန်မာနိုင်ငံသားတွေကိုအာဏာပိုင်တွေကနေ့စဉ် ခွင့်ပြုချက်စာရွက်စာတမ်းတွေစစ်ဆေးတာ၊ တိုင်ကြားမှုတွေစိစစ်တာနဲ့ တင်းကြပ်စွာစောင့်ကြည့်တာတွေပြုလုပ်နေတယ်လို့ မီဇိုရမ်ရောက်မြန်မာတွေကဆိုကြပါတယ်။










