Border News Agency
ဆောထိ၊ အောက်တိုဘာ ၁၅။
ကရင်ပြည်ရှိ ကေအဲန်ယူထိန်းချုပ်နယ်မြေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီကွင်းဒလေးကျေးရွာက အသက်ဆယ့်ရှစ်နှစ်အရွယ် မခင်စံပယ်ဦးဖြစ်ပြီး အသက်သုံးဆယ်အရွယ် ကိုဇင်မင်းအောင်နဲ့ အသက်ငါးဆယ်ကိုးနှစ်အရွယ် ဒေါ်မွေးဒဏ်ရာရသွားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်ရာ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်က ကွင်းဒလကြီး၊ ညောင်ပင်ကြီးနဲ့ သက်ကယ်ကုန်းကျေးရွာကိုအောက်တို ဘာလ ၈ ရက်နေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှု ဆယ့်နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပေါင်ငါးရားဗုံးနှစ်ဆယ်လေးလုံးထိ ကြဲချခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် ကွင်းဒလေးကျေးရွာက အမျိုးသမီးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သလို နေအိမ်နှစ်အိမ်၊ ညောင်ပင်ကြီးကျေးရွာနဲ့ မင်္ဂလာကုန်းကျေးရွာနှစ်ရွာက ဘုန်းကြီးကျောင်းနှစ်ကျောင်းနဲ့ သက်ကယ်ကုန်းကျေးရွာက စာသင်ကျောင်းတကျောင်းလည်း ပျက်စီးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ လက်လွတ်ဆုံးရှုံးသွားတဲ့နယ်မြေတွေမှာ ပြည်သူတွေအကြောက်အရွံဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုင်းလုပ်ဆောင်နေပြီးအတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက်လည်း ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။











