Border News Agency
သံတွဲ၊ ဒီဇင်ဘာ ၃၁။
ကမ္ဘ့ာကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွေဟာ လူသားချင်းစာနာမှုအကျပ်အတည်းကို မျက်ကွယ်မပြုဘဲ အရေးယူဆောင်ရွက်ပေးကြဖို့ အာရက္ခပြည်သူတွေနဲ့အတူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တောင်းဆိုလိုက်ပါတယ်။
အဲဒီတောင်းဆိုမှုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဒီဇင်ဘာလ ၃၀ ရက်နေ့၊ မနေ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
အာရက္ခဒေသကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်တာတွေကို စနစ်တကျဆက်တိုက် ပိုပြီးပြင်းထန်စွာအရှိန်မြှင့်လုပ်ဆောင်နေပြီး အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို တိုက်ရိုက်ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အဲဒီလိုလုပ်ရပ်တွေဟာ သီးခြားဖြစ်စဉ်တခုမဟုတ်ဘဲ အစီအစဉ်ချထားပြီး ထပ်တလဲလဲကျူးလွန်နေတဲ့ တိုက်ခိုက်မှုတွေဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေရဲ့အသက်၊ လုံခြုံမှုနဲ့ အိုးအိမ်တွေကို ပြင်းထန်စွာခြိမ်းခြောက်ဖျက်ဆီးနေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသံတွဲခရိုင်၊ ငပလီမြို့၊ လင်းသာရပ်ကွက်နဲ့ ကျင်းကန်ကြီးရွာကို ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကော်မရှင်တပ် လေကြောင်းမှနှစ်ကြိမ်ထိ ပေါင်ငါးရာဗုံးလေးလုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့ အသက်သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ပြည်သူကိုးဦးသေဆုံးခဲ့ပြီး ဆယ့်လေးဦးဒဏ်ရာရသွားသလို လူနေအိမ်နှစ်ဆယ့်သုံးလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
အဲဒီအပြင် သံတွဲမြို့နယ်၊ ရွာရှည်ကျေးရွာကို ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်ငါးဆယ့်ငါးနှစ်အရွယ် အမျိုးသမီးတဦးသေဆုံးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွေကို တားဆီးကန့်သတ်ထားသလို ကုန်စည်စီးဆင်းမှုတွေ၊ ကုန်းလမ်း၊ ရေလမ်းတွေကိုလည်း ပိတ်ဆို့ထားပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူတွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေမရကြတာမို့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။






