Border News Agency
မောင်တော၊ ဇန်နဝါရီ ၁၂။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ တောင်ဘဇာရွာမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ခြေတဖက်ပြတ်ထွက်သွားခဲ့ပါတယ်။
အဲဒီဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာရွာမှ အသက်သုံးဆယ်အရွယ် ကိုမောင်မောင်စိုးမှာ ဘယ်ဖက်ခြေမျက်စိအပေါ်ပွင့်ထွက်သွားခဲ့ပါတယ်။
သူဟာ မောင်တောမြို့နယ်၊ ဘော်တူလာစျေးမှာတဲဆောက်ဖို့ နွားဈေးဟောင်း မိုင်တိုင် ၅၀ ဂိတ်ကုန်းနားမှ သစ်လုံးခုတ်ပြီးပြန်လာတဲ့အချိန်မှာ ဇန်နဝါရီလ ၁၀ ရက်၊ ညနေ ၃ နာရီမိနစ်၂၀ အချိန်ခန့် မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလို မြေမြုပ်မိုင်းနင်းမိလို့ မောင်မောင်စိုးရဲ့ ဘယ်ဖက်ခြေမျက်စိအပေါ်ပွင့်ထွက်သွားပြီး လက်ရှိမှာအရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
အဲဒီမောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ကိုမျိုးလင်းစိုးမှာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားခဲ့ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






