Border News Agency
မန်တုံ၊ ဇန်နဝါရီ ၁၃။
တအာင်းပြည်၊ မန်တုံမြို့မှာ ၆၃ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက်နေ့က ပြည်သူလူထုတွေနဲ့အတူ စည်ကားခမ်းနားစွာကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အရာရှိတွေနဲ့ ဒေသခံပြည်သူအများအပြား တက်ရောက်ခဲ့ကြတာပါ။
အဲဒီအခမ်းအနားမှာ TNLA စစ်သည်တော် အင်အားတထောင့်ငါးရာကျော်က စစ်ကြောင်းဆယ့်ငါးကြောင်းခွဲပြီး စစ်ရေးပြချီတက်ခဲ့ကြသလို ဂုဏ်ပြုစစ်ကြောင်းတွေကလည်း စစ်ရေးပြသရုပ်ဖော်ခဲ့ကြပါတယ်။
တော်လှန်ရေးကာလအတွင်း အသက်ပေးသွားခဲ့တဲ့ TNLA တပ်မဟာမှူးသုံးဦးဖြစ်တဲ့ တားရောဘတ်၊ တားညီလတ်နဲ့ တားညီဆမ်တို့အတွက် “သူရဘွဲ့” ဆုတွေကိုလည်း ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
တအာင်းတော်လှန်ရေးဟာ ၁၉၆၃ ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာတော့ မန်တုံမြို့မှာပဲ စစ်အစိုးရရဲ့ လက်နက်ဖြုတ်သိမ်းတာကိုခံခဲ့ရတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။
ခုအခါမှာတော့ အဲဒီသမိုင်းဝင်နေရာမှာပဲ TNLA က တအာင်းအမျိုးသားတရပ်လုံးအတွက် ဂုဏ်ယူစရာကောင်းတဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို ပြန်လည်ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။


















