Border News Agency
မူတြော်၊ ဇန်နဝါရီ ၁၄။
ကေအဲန်ယူ၊ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း တနှစ်တာတိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ နှစ်ရာ့ရှစ်ဆယ်ကျော်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇန်နဝါရီလ ၁၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီတပ်မဟာ ၅ နယ်မြေမှာ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တနှစ်အတွင်းစစ်ကော်မရှင်တပ်နဲ့ KNLA တို့အကြား တိုက်ပွဲပေါင်းတထောင့်တရာ့တဆယ့်သုံးကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်က တပ်ရင်းမှူး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် နှစ်ရာ့ရှစ်ဆယ်လေးဦးသေဆုံးခဲ့ပြီး၊ ရော့ငါးဆယ်ကိုးဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် အဆောက်အအုံဆယ့်ခြောက်လုံးကို KNLA က ဖျက်ဆီးနိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။
အဲဒီတနှစ်တာအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်တာတွေကို အလွန်အကျွံလုပ်ဆောင်ခဲ့ပြီး တိုက်လေယာဥ်နဲ့တရာ့သုံးကြိမ်၊ ဒရုန်းနဲ့အကြိမ်ငါးဆယ်ထိရှိခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ကျေးရွာတွေထဲကို အကြိမ်ခုနှစ်ဆယ်နီးပါး ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူရှစ်ဦးသေဆုံးကာ သုံးဆယ်ရှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် လူနေအိမ်တွေအပြင် စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေလည်း အများအပြားပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။






