Border News Agency
မကွေး၊ ဇန်နဝါရီ ၁၆။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၁၆ရ က်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတောင်တွင်းကြီးမြို့နယ်၊ ပျဉ်းချောင်းကျေးရွာမှာ အထိုင်ချတပ်ဆွဲထားတဲ့တပ်စခန်းကို ဇန်နဝါရီလ ၁၄ ရက်၊ ည ၈နာရီအချိန်ခန့်က လမ်းပိုင်းတနေရာမှ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ပျဉ်းချောင်းကျေးရွာမှ နေပြည်တော်-တောင်တွင်းကြီးရထားလမ်းဘေးရှိ ကုလားမကျေးရွာလမ်းပေါက်မှာ သစ်လှည်း၊ ဝါးလှည်းတွေကို ဆက်ကြေးကောက်ပြီး ပျဉ်းချောင်းရွာကို အပြန်လမ်းမှာတော်လှန်ရေးတပ်တွေကြားဖြတ်တိုက်ခိုက်တာလို့ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး အပြင်းထန်ဒဏ်ရာရရှိသွားပြီး MA1 သေနက်လေးလက်၊ 79 တလက်၊ ၄၀အသီးခြောက်လုံး၊ ကျည်ကိုးရာကိုးဆယ်တောင့်၊ ကျည်ဘောက်ဆယ်ခု၊ ကျည်ကာနှစ်ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပုဏ္ဏဝတီ(တောင်တွင်းကြီး)၊ သရက်ခရိုင်အမှတ် ၅တပ်ရင်း ဆင်ပေါင်ဝဲမြို့နယ် ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊မကွေးပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။







