Border News Agency
မြောက်ဦး၊ ဖေဖော်ဝါရီ ၆။
အာရက္ခဒေသအတွင်း မြို့နယ်တွေမှာ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးတာတွေမပြုလုပ်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ ဇန်နဝါရီလ ၂၃ ရက်နေ့ကထုတ်ပြန်ထားပါတယ်။
အာရက္ခဒေသကပြည်သူအချို့ဟာ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ သစ်တောကြိုး ဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကိုဝင်ရောက်ပြီး အမဲလိုက်နေတာလို့ ဆိုပါတယ်။
အဲဒီပြည်သူတွေဟာ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးတာတွေနဲ့ ရောင်းချတာတွေပြုလုပ်နေတာကြောင့် အာရက္ခအစိုးရအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေ မျိုးမပြုန်းရအောင် တားမြစ်လိုက်တာပါ။
ပြည်သူတွေအနေနဲ့ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကို ဝင်ရောက်ပြီး တောရိုင်းတိရစ္ဆာန်တွေကိုအမဲလိုက်တာ၊ ဖမ်းဆီးတာ၊ ရောင်းချတာတွေ လုံးဝမပြုလုပ်ရဘူးလို့ ဆိုပါတယ်။
အဲဒီတားမြစ်ချက်တွေကို လိုက်နာမှုမရှိဘဲ ကျူးလွန်ဖောက်ဖျက်ရင် ဥပဒေနဲ့အညီထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
အာရက္ခဒေသကပြည်သူတွေအနေနဲ့ စည်းကမ်းချက်တွေ ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြဖို့ကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သစ်တောနဲ့ သဘာဝန်းပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ တိုက်တွန်းထားပါတယ်။






