Border News Agency
အမ်း၊မေ ၁၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်၊လုတ်ရပ်ကျေးရွာမှာ မေလ ၄ ရက်နေ့ကတောင်ယာမီးရှို့ဖို့ သွားတဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသားတဦး မီးလောင်သေဆုံးသွားတယ်လို့သိရပါတယ်။
အဲဒီ လုတ်ရပ်ကျေးရွာမှ ဦးဉာဏ်ထွန်းဦးဟာ မေ ၄ ရက်၊မနက်ပိုင်းက တောင်ယာသွားရာကနေ ညနေအထိ အိမ်ပြန်မလာလို့ မိသားစုဝင်တွေ လိုက်ရှာရင်း တောင်ယာထဲမှာ မီးလောင်သေဆုံးနေတဲ့ ရုပ်အလောင်းကိုပဲ တွေ့ခဲ့ရတာပါ။
ဦးဉာဏ်ထွန်းဦးဟာခြေတဖက်မသန်စွမ်းတာကြောင့် တောင်ယာမီးရှို့ချိန်မှာ ခြေချော်လဲပြီး မီးထဲပါသွားတာဖြစ်နိုင်တယ်လို့ မိသားစုဝင်တွေက ယူဆနေကြပါတယ်။
အမ်းမြို့နယ်ကျေးလက်ဒေသက ဒေသခံအများစုဟာ မိရိုးဖလာ တောင်ယာလုပ်ငန်းကိုပဲ အဓိကအားထား လုပ်ကိုင်စားသောက်နေကြတာဖြစ်ပြီး နှစ်စဉ် မိုးမကျခင်အချိန်တွေမှာ အခုလို တောင်ယာခုတ်ထွင်း မီးရှို့တာတွေကို လုပ်ဆောင်လေ့ရှိကြပါတယ်။
အခုလို တောင်ယာစနစ်ကို ကျင့်သုံးနေကြရဆဲဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ မီးရှို့တဲ့အခါ လူနဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ သတိထားကြဖို့နဲ့ မလိုအပ်တဲ့နေရာတွေကို တောမီးမကူးစက်အောင် ဂရုစိုက်ကြဖို့လည်း သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။






