Border News Agency
မလေးရှား၊မေ ၁၅။
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ မူအာဒေသက ပရိဘောဂစက်ရုံတွေနဲ့အလုပ်သမားအိမ်ရာတွေကို လူဝင်မှုကြီးကြပ်ရေးဌာနက မေလ ၁၂ ရက်နေ့မှာအထူးစစ်ဆင်ရေးပြုလုပ်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီ စစ်ဆင်ရေးအတွင်း စက်ရုံထဲမှာ ပုန်းအောင်းနေသူတွေနဲ့ ထွက်ပြေးဖို့ ကြိုးစားသူတွေကို လဝကအရာရှိတွေက ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေချိုးဖောက်ထားတဲ့ နိုင်ငံခြားသား ၄၃ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနဲ့အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၉ ဦး ပါဝင်နေပြီး ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် Pekan Nenas လူဝင်မှုကြီးကြပ်ရေးစခန်းကို ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။
ဂျိုဟိုး လဝက ညွှန်ကြားရေးမှူးကတော့ တရားမဝင်အလုပ်သမား ခန့်ထားတဲ့ အလုပ်ရှင်တွေကို ပြင်းပြင်းထန်ထန် သတိပေးထားပြီး အခုလို ဖမ်းဆီးစစ်ဆေးမှုတွေကို ဆက်တိုက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။



















