Border News Agency
ခလယ်လွီထူ၊ဇွန် ၂၈။
လယ်လွီထူခရိုင်အတွင်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇွန်လ ၂၈ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလယ်ဒိုမြို့နယ်အတွင်းသို့ ဇွန်လ ၂၅ ရက်နေ့က အာဏာသိမ်းစစ်တပ်ရဲ့ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့လို့လှေတန်းကျေးရွာရှိ ပြည်သူပိုင်နေအိမ်သုံးလုံးပျက်စီးခဲ့တယ်လို့ဆိုပါတာ်။
အဲဒီအပြင် ဇွန်လ ၂၃ ရက်နေ့ကလည်းလက်နက်ကြီးတလုံး ထပ်မံပစ်ခတ်ခဲ့ရာ ကျွန်းကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၄၅ နှစ်အရွယ်အမျိုးသမီးတဦး ကျည်စထိမှန် ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဇွန်လ ၂၁ ရက်နေ့ကလည်း မူးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်ဖွဲ့တွေက စစ်ဘေးရှောင်ပြည်သူတွေခိုလှုံရာ စော်ပေါကုန်းကွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ နိုကလော်၊ တမာခေါနဲ့ ရေလဲကျေးရွာကနေအိမ်တဲအများအပြားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အဲဒီခရိုင်အတွင်းသို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီး၊ဒရုန်းတွေနဲ့ အရပ်သားကျေးရွာတွေကို ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး စားဝတ်နေရေး ခက်ခဲနေကြတယ်လို့လည်းဆိုပါတယ်။















