Border News Agency
ပုဏ္ဏားကျွန်း၊ ဇွန် ၂၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျွဲနဲ့ နွားပိုင်ရှင်တွေကို သက်ဆိုင်ရာဒီလပ်စခန်းတွေကခေါ်ပြီး ကားလမ်းမကြီးပေါ်မှာ ကျွဲ၊နွားတွေ စည်းမဲ့ကမ်းမဲ့သွားလာတာမျိုးမလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းနေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီအပြင်ကားလမ်းပေါ်မှာ လျှောက်သွားနေတဲ့ ကျွဲ၊နွားတွေကိုလည်း အုပ်ချုပ်ရေးနဲ့ ဒီလပ်အဖွဲ့တွေပူးပေါင်းပြီး စခန်းကိုဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေထိရှိနေတယ်လို့ ဆိုကြပါတယ်။
”နွားပိုင်တဲ့သူတွေကို စခန်းကခေါ်တယ်ပြောလို့ သွားခဲ့တာပါ။ စခန်းကိုရောက်တော့ ကားလမ်းတွေမှာ နွားတွေသွားလာနေတဲ့ကိစ္စကြောင့်ခေါ်တာလို့ပြောပြီး နောက်မတက်စေဖို့နဲ့ ကားလမ်းမမှာနွားတွေ့ရင် ပိုင်ရှင်ကိုအရေးယူဆောင်ရွက်မယ်လို့ ပြောပါတယ်။ ပြီးတော့ စခန်းကထုတ်ပေးတဲ့ ခံဝန်စာရွက်မှာ လက်မှတ်ထိုးခဲ့ရတာပါ။”လို့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ နွားပိုင်ရှင်တဦးက Border News Agency ကိုပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကျွဲ၊ နွားတွေကို ကားလမ်းမကြီးပေါ် စည်းမဲ့ကမ်းမဲမတက်စေဖို့ ထုတ်ပြန်ထားပေမယ့် ဒေသခံတွေလက်တွေ့လိုက်နာဖို့ ခက်ခဲနေတယ်လို့ ဆိုကြပါတယ်။
အဲဒီကျွဲ၊နွားတွေ လွှတ်ကျောင်းဖို့ စားကျက်မြေမရှိတာကြောင့် ကားလမ်းဘေးမှာပေါက်နေတဲ့ မြက်တွေကိုအဓိကအားကိုးနေရလို့လည်း ဒေသခံတွေကဆိုကြပါတယ်။
“ကျနော်ကကျနော့်နွားတွေကို တမင်သက်သက်လွတ်ကျောင်းတာမျိုးတော့မရှိဘူး။ အဓိက ကျနော်တို့မှာ စားကျက်မြေမရှိလို့ဖြစ်တာပါ။ နွားအုပ်လုံးပျောက်နေတာတွေ့လို့ မေးကြည့်တော့စခန်းကိုခေါ်သွားတာနဲ့တူတယ်။ ဒီလပ်တွေနဲ့အုပ်ချုပ်ရေးရုံးကလူတွေကို တွေ့လိုက်တယ် နွားတွေနဲ့အတူပေါ့ပြောလို့ စခန်းကိုသွားပြီး နွားကိုပြန်ယူဖို့သွားတာ၊ ကားလမ်းမထက်မှာ သွားလာနေလို့ ထိန်းသိမ်းတာလို့ပြောပါတယ်။ ပြီးတော့ နောက်အဲဲဒီလိုမဖြစ်စေဖို့ပြောပြီး နွားတွေကို ပြန်ပေးလိုက်ပါတယ်။”လို့ နောက်ထပ် နွားပိုင်ရှင်တဦးကBorder News Agency ကိုပြောပါတယ်။
အာရက္ခဒေသရှိ လယ်သမားတွေဟာ မိမိတို့လယ်မြေထဲကနေ စားကျက်မြေသီးသန့်ဖယ်ထားမယ်ဆိုရင်လည်း စိုက်ပျိုးဖို့ လယ်ယာမြေနည်းသွားတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် စပါးဈေးကိစ္စအပါအဝင် အခက်အခဲအကုန်လုံးက သူတပါးလက်ထဲရောက်နေတဲ့အတွက် လယ်သမားတွေရဲ့ဘဝဟာ ပျားရည်နဲ့ဝမ်းချခံနေရသလိုဖြစ်နေတယ်လို့ အာရက္ခဒေသက ကျွဲ၊ နွားပိုင်ရှင်တချို့က ညည်းတွားပြောဆိုနေကြပါတယ်။










