Border News Agency
ဗင်နီဇွဲလား၊ ဇွန် ၂၉။
ဗင်နီဇွဲလားနိုင်ငံမှာ ဇွန်လ ၂၄ ရက်နေ့က ပြင်းအား ၇.၂ နဲ့ ၇.၅ ရှိတဲ့ အင်အားပြင်းကုန်းမြွာငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူပေါင်း ၁,၄၃၀ ဦး သေဆုံးပြီး ၅၁,၀၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်အကြိမ်ရေ ၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ ၇၂ နာရီအချိန်ဟာ ကုန်ဆုံးသွားပြီဖြစ်လို့ သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က အဆောက်အအုံ အနည်းဆုံး ၁,၄၀၀ ကျော်ထိခိုက်ပျက်စီးခဲ့ပြီး လာဂွါအီရာပြည်နယ်ဟာ အဆိုးရွားဆုံးထိခိုက်ခဲ့တာပါ။
လက်ရှိမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကိုလည်း ပိတ်ထားရပါတယ်။
ဇွန်လ ၂၆ ရက်နေ့ကရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ကမ်းရိုးတန်းမြို့တွေဖြစ်တဲ့ မာကူတိုနဲ့ကာရာဘယ်လီဒါမြို့တွေမှာ ပျက်စီးဆုံးရှုံးမှုအလွန်များပြားနေပြီး အထူးသဖြင့် ၁၂ ထပ်ရှိတဲ့ Nautilus လူနေတိုက်ခန်းတွဲကြီးအပါအဝင် အထပ်မြင့်အဆောက်အအုံတွေနဲ့ အပန်းဖြေစခန်းတွေ ပြိုကျပျက်စီးသွားတာကို တွေ့ရှိရပါတယ်။










