Border News Agency
စမွတ်ပရာကန်၊ အောက်တိုဘာ ၁၇။
ထိုင်းနိုင်ငံ၊စမွတ်ပရာကန် (Samut Prakan) ပြည်နယ်၊ဘန်နာထရက်လမ်းမကြီးပေါ်က ဘတ်စ်ကားမှတ်တိုင်နားမှာ အောက်တိုဘာလ ၁၆ ရက်နေ့ကမြန်မာအမျိုးသမီးတဦး ဘတ်စ်ကားပေါ်က ဆင်းရာမှာ ခြေချော်လဲကျပြီး ကားဘီးကြိတ်ခံရတဲ့ မတော်တဆမှုတခု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအမျိုးသမီးဟာ ဘတ်စ်ကားအပြည့်အဝမရပ်သေးခင် အမြန်ဆင်းဖို့ ကြိုးစားရင်းကားပေါ်ကနေ ခြေချော်လဲကျကာ ကားအောက်ကိုရောက်သွားခဲ့တာဖြစ်ပြီး ဆိုးရွားတဲ့မတော်တဆမှုကြောင့် ဘယ်ဘက်လက် ပြတ်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီနေရာကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေ ချက်ချင်းရောက်ရှိလာပြီး ဒဏ်ရာပြင်းထန်နေတဲ့အမျိုးသမီးကို အရေးပေါ် ရှေးဦးသူနာပြုစုပေးကာ ဘန်နာ (၂) ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ရပါတယ်။
မျက်မြင်သက်သေ ပစ်ကပ်ကားသမားရဲ့ ပြောပြချက်အရ ဘတ်စ်ကားမရပ်သေးခင် ဆင်းဖို့လုပ်ရာကနေ ခုလိုအမှတ်မထင် ခြေချော်လဲကျပြီး ကားအောက်ကိုရောက်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေနဲ့ ပြည်သူတွေအနေနဲ့ ခရီးသွားလာစဉ်၊ မော်တော်ယာဉ်တွေပေါ်က တက်ဆင်းပြုမူရာမှာ အထူးသတိထားကြဖို့ ထိုင်းရောက်မြန်မာတွေကတိုက်တွန်းထားပါတယ်။











