Border News Agency
ဝါရှင်တန်၊ အောက်တိုဘာ ၁၆။
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိရာထူးမှာ ဆက်လက်ထောက်ခံဖို့နဲ့ အာဏာသိမ်းစစ်တပ်က ခန့်အပ်မယ့် ကိုယ်စားလှယ်ကို လက်မခံဘဲ ပယ်ချဖို့ အမေရိကန် ကွန်ဂရက်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ကွန်ဂရက် မြန်မာရေးရာကော်မတီ (Congressional Burma Caucus) ပူးတွဲဥက္ကဋ္ဌတွေအပါအဝင် အမတ်ခြောက် ဦးက အောက်တိုဘာလ ၁၄ ရက်နေ့စွဲနဲ့ ကုလသ
မဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဝေါလ်ဇ် ဆီစာရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲဖြစ်စဉ်တွေနဲ့ ကုလသမဂ္ဂ အ
ထွေထွေညီလာခံ အရည်အချင်းစစ်ကော်မတီမှာ တရားဝင်မှုရဖို့ကြိုးပမ်းနေတာကို ဟန့်တားဖို့နဲ့ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်အသိအမှတ်ပြုထားဖို့ အမတ်တွေက တောင်းဆိုထားပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ကို ကုလသမဂ္ဂမှာ နေရာပေးလိုက်ရင် အီရန်နဲ့တရုတ်လို အမေရိကန်ရဲ့ ပြိုင်ဘက်တွေနဲ့ ပူးပေါင်းခွင့် ရသွားမှာဖြစ်ပြီး စစ်တပ်ရဲ့ အာဏာသိမ်းမှု၊ ပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းမှုနဲ့ တရားမဝင် ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုရာ ရောက်သွားမယ်လို့လည်း ထောက်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာရဲ့ ကန့်ကွက်မှုတွေကို လစ်လျူရှုပြီး ပြည်သူတွေအပေါ် လေကြောင်းကနေတိုက်ခိုက်တာတွေနဲ့ အကြမ်းဖက်မှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။
အဲဒါကြောင့် အမေရိကန်အစိုးရအနေနဲ့ ကုလသမဂ္ဂ အရည်အချင်းစစ် ကော်မတီမှာ အစောပိုင်းကတည်းက တိုက်ရိုက်ပါဝင်ပြီး စစ်တပ်ရဲ့ ကြိုးပမ်းမှုတွေကို ပယ်ချဖို့ စကားပြောဆိုမှုတွေ ပြုလုပ်ရမယ်လို့ အမေရိကန် အမတ်တွေက တိုက်တွန်းထားကြပါတယ်။






