Border News Agency
ရွာငံ၊အောက်တိုဘာ ၁၆။
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးမှာ ငွေကျပ်သိန်းနှစ်ရာတန်ဖိုးရှိ စိတ်ကြွဆေးပြားနှစ် သောင်းဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီမြို့ကြီးကျေးရွာမှာ အောက်တိုဘာလ ၁၃ ရက်နေ့က မော်တော်ယာဉ်တွေကိုစစ်ဆေးစဉ် ပင်းတယဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူ မဖြူသွယ်ဝင်းသယ်ဆောင်လာတဲ့ စက္ကူဂျပ်ဖာအတွင်းမှ ဆေးပြားတွေကိုသိမ်းဆည်းရမိခဲ့တာပါ။
အဲဒီဆေးပြားတွေ သယ်ဆောင်လာသူ မဖြူသွယ်ဝင်းကို ရွာငံမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။
မူးယစ်တပ်ဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ဖမ်းဆီးရမိတဲ့ဆေးပြားတွေရဲ့နောက်ကွယ်မှ သယ်ဆောင်ရောင်းဝယ်ရာမှာ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်နိုင်ရေးအတွက် ကွင်းဆက်စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေတယ်လို့ဆိုပါတယ်။










