Border News Agency
နယူးယောက်၊ အောက်တိုဘာ ၁၆။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေဟာ အပြစ်မဲ့ပြည်သူတွေကို စိတ်ဆန္ဒရှိသလို ညှဉ်းပန်းနှိပ်စက်တဲ့ နေရာတွေ ဖြစ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီရဲ့ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အပြန်အလှန် ဆွေးနွေးပွဲမှာ ဦးကျော်မိုးထွန်းက ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်းသုံးသောင်းနှစ်ထောင်ကျော် ဥပဒေမဲ့ဖမ်းဆီးခံထားရပြီး ကျောင်းသားတွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံရေးသမားတွေအပါအဝင်အများအပြားဟာ ထောင်တွေနဲ့ စစ်ကြောရေးတွေမှာ ရက်စက်စွာညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဖမ်းဆီးခံရသူတွေထဲက လူပေါင်းတထောင်ရှစ်ရာငါးဆယ်ကျော်ဟာ အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ ဆေးဝါးကုသခွင့်မရရှိတာတွေကြောင့် သေဆုံးခဲ့ရတယ်လို့လည်း ထောက်ပြထားပါတယ်။
စစ်တပ်ရဲ့ ခုလိုရက်စက်တဲ့လုပ်ရပ်တွေဟာ တစ်ဦးချင်းကျူးလွန်တာမဟုတ်ဘဲ စနစ်
တကျ ပူးပေါင်းကျူးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါကြောင့် စစ်အုပ်စုရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေကို တားဆီးဖို့နဲ့ ပြည်သူတွေအပေါ် ရက်စက်မှုတွေ ပြုလုပ်နေတာကို ထိရောက်စွာအရေးယူပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။







