Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၇။
နိုင်ငံရေးပါတီတွေရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမည်စာရင်း ပြောင်းလဲတာရှိရင် ရွေးကောက်ပွဲကော်မရှင်ဆီ ခုနှစ်ရက်အတွင်း တင်ပြရမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေမှတ်ပုံတင်တဲ့နည်းဥပဒေတွေကို ပဉ္စမအကြိမ် ပြင်ဆင်ချက်အဖြစ် အောက်တိုဘာလ ၁၆ ရက်မှာ အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်တာပါ။
နည်းဥပဒေ ၂၄၊ နည်းဥပဒေခွဲ (ဂ) မှာ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းနဲ့အညီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမည်စာရင်းပြောင်းလဲရင် ကော်မရှင်ဆီခုနှစ်ရက်အတွင်း မပျက်မကွက် တင်ပြရမယ်လို့ အစားထိုး ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် နည်းဥပဒေခွဲ (ဃ) မှာလည်း ပညာအရည်အချင်း ကန့်သတ်ချက်မှလွဲပြီး လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းနဲ့ ပြည့်စုံသူတွေကိုသာ ပါတီနာယကနဲ့ ဗဟိုအလုပ်အမှုဆောင်အဖြစ် ခန့်အပ်ရမယ်လို့ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ UEC ဟာ နိုင်ငံရေးပါတီတွေကို ထိန်းချုပ်နိုင်ဖို့ နည်းဥပဒေမျိုးစုံ ပြင်ဆင်ထုတ်ပြန်ပြီး ဖိအားပေးဆောင်ရွက်နေတာဖြစ်ပါတယ်။







