Border News Agency
မဲဆောက်၊ အောက်တိုဘာ ၁၇။
ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာ အောက်တိုဘာလ ၁၇ ရက်၊ဒီနေ့ မနက်ပိုင်းက ထိုင်းအာဏာပိုင်တွေက တမြို့လုံး အတိုင်းအတာနဲ့ မြန်မာနိုင်ငံသားတွေကိုပစ်မှတ်ထားပြီး ပိုက်စိပ်တိုက်လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုက်လံစစ်ဆေးမှုအတွင်း မှီခို ကလေးသူငယ်တွေအပါအဝင် နေထိုင်ခွင့်အထောက်အထားစာရွက်စာတမ်း မပြည့်စုံတဲ့ မြန်မာနိုင်ငံသားနှစ်ရာကျော်ဖမ်းဆီးခံလိုက်ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ လမ်းမတွေပေါ်မှာစစ်ဆေးတာအပြင် ရပ်ကွက်တွေထဲထိဝင်ရောက် စစ်ဆေးခဲ့တာဖြစ်ပြီး အထောက်အထားမပြနိုင်တဲ့မြန်မာတွေကို ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားတာပါ။
အဲဒီဖမ်းဆီးမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ထိုင်းအာဏာပိုင်တွေဘက်က တရားဝင်သတင်းထုတ်ပြန်တာမျိုး မရှိသေးပေမယ့် လက်ရှိမှာဖမ်းဆီးခံရသူတွေကို မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ထိုင်းရဲတပ်ဖွဲ့က ဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး အထောက်အထားမဲ့ မြန်မာစစ်ရှောင်တွေနဲ့ အလုပ်သားတွေစိုးရိမ်နေကြပါတယ်။













